ယနေ့ခေတ် ကျောင်းသားလူငယ်များသည် ကမ္ဘာပေါ်တွင် ပေါ်ထွန်း လာသည့် ဘာသာရပ်များကို လေ့လာပြီး မိမိ၏ ပင်ကို စိတ်နေစိတ်ထားနှင့် မိမိစွမ်းရည်တို့ဖြင့် အကိုက်ညီဆုံး ‘ဘာသာရပ်’ကို မှန်ကန်စွာ ရွေးချယ်သင့် ကြောင်း ဒေါက်တာနေက ပြောသည်။ ”ကျွန်တော်တို့နိုင်ငံမှာ ကျောင်းသား အများစုက တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ရင် အမြင့် ဆုံးဘာသာရပ်ကိုသင်ယူကြတော့တာပဲ။ အဲဒီဘာသာရပ်က ကိုယ့်ရဲ့ ပင်ကို စိတ်နေစိတ်ထားနဲ့ ကိုက်တယ်၊ မကိုက်တယ် ကြည့်မနေတော့ဘူး။ အဲဒီလို သင်ယူနေစဉ်မှာပဲ ကိုယ့်ရဲ့ပင်ကိုစိတ်၊ ဝါသနာနဲ့မကိုက်ညီလို့ စိတ်ပျက် နေရသူတွေကို မြင်တွေ့နေရတယ်။ တချို့ကဆေးတက္ကသိုလ်က ဘွဲ့ရပြီး ပေမယ့် ဆရာဝန်မလုပ်ဘဲ အခြား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ တွေရှိသလို တချို့က ကျောင်းတောင်မပြီးသေးဘဲ တခြားလိုင်းတစ်ခုကို ကူးပြောင်းသွားတာတွေ လည်းရှိတယ်။ နောက်ပြီး လူပြော၊သူပြောများတဲ့ ရေကြောင်းသိပ္ပံတက်ပြီးမှ ပင်လယ်ထွက်ရတဲ့အခါ ပင်လယ်မထွက်ချင်လို့ အလုပ် ဆက်မလုပ်တဲ့ လူတွေလည်းရှိတယ်။ အဲဒီအခါ ကိုယ်ရင်းနှီးခဲ့တဲ့ အချိန်တွေ၊ငွေတွေအားလုံးဟာ အလကားဖြစ်ကုန်တာပေါ့”ဟု ဒေါက်တာနေ က ဆက်လက်ပြောသည်။ တချို့ကျောင်းသား လူငယ်များသည် နိုင်ငံခြားသို့ သွားရောက် ပညာသင်ယူလိုသော ဆန္ဒဖြင့် မိမိထံရောက်လာသည့် အခါ မိမိမှ ‘မည်သည့်ဘာသာရပ်ကို သင်ချင်ပါသလဲ’ ဟု မေးလိုက်လျှင် ၉ဝ ရာခိုင်နှုန်းခန့် မဖြေနိုင်ကြကြောင်း၊ တချို့လုပ်ငန်းခွင်ဝင်သည့်အခါ လစာများများ ခံစားခွင့်ရနိုင်သည့် ဘာသာရပ်ကို သင်ယူလိုကြပြီး တချို့က မိဘများ အတင်းအကြပ်သင်ခိုင်းသဖြင့် သင်ရသည်များပင်ရှိကြောင်း ၄င်းက ထပ်လောင်းပြောသည်။ ကျောင်းသားလူငယ်များသည် မိမိရွေးချယ်လိုက် သောဘာသာရပ်ကို နိုင်ငံခြားတွင်သင်ယူမည်ဆိုပါက အမေရိကန်ပြည် ထောင်စု၊ ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ စသည့်နိုင်ငံများထဲမှ တက္ကသိုလ်၊ ကောလိပ်များ ဂုဏ်သတင်း၊ သင်ထောက်ကူပစ္စည်း ပြည့်စုံမှု၊ သင်ကြားစရိတ်၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ကို သေချာစွာစိစစ် ပြီးမှ ကျောင်းကိုရွေးချယ်သင့်ကြောင်း သိရသည်။
မင်းချစ်နိုင်




