လူတွေက ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလိုနေတတ်ကြတာ အကျင့်ကြီးလို ဖြစ်နေကြတယ်။ ၈၈ အရေးအခင်းကြီးရဲ့ ကျေးဇူးကလည်းကြီးမားလှပါတယ်။ ၈၈ က ” ငါနဲ့ဘာဆိုင်လဲတွေ” ကို အတော်ကြီး မျက်စိဖွင့်၊ နားဖွင့်ပေးခဲ့တာ အားလုံးကိုယ်တွေ့။ ဥပမာ-
စစ်တပ်နဲ့ ဆန္ဒပြတာ ဘာဆိုင်လဲ။
ရဲနဲ့ဆန္ဒပြတာ ဘာဆိုင်လဲ။
မယ်သီလနဲ့ ဆန္ဒပြတာ ဘာဆိုင်လဲ။
ပုဏ္ဏားနဲ့ ဆန္ဒပြတာ ဘာဆိုင်လဲ။
နောက်ဆုံးတော့ ဒီအဖွဲ့ အစည်းတွေ၊ ဒီလူတန်းစားတွေတောင် “ငါနဲ့ဘာဆိုင်လဲ” ကနေ သူတို့နဲ့လည်းဆိုင်ကြောင်း သိသွားကြတယ်လေ။ “ကိုယ်နဲ့မဆိုင်သလို သဘောထားလိုက်ပါ” တို့၊ “အနေသာကြီးပါ” တို့ ပြောဖို့အချိန်တောင် မရလိုက်ကြဘူးမဟုတ်လား။ ဒီမိုကရေစီ ဒီရေဟာ ဆောင့်တက်လာတာဆိုတော့လေ။ ဒီလို နိဒါန်းရှည်ရတာကလည်း “ငါနဲ့ဘာဆိုင်လဲများ- ပုံပြင်” ကို ပြောချင်လို့ အကြောင်းရှာတယ်ပဲဆိုကြပါစို့။
တစ်ခါတုန်းက ရွာတစ်ရွာရဲ့ အိမ်ကြီးတစ်လုံးထဲမှာ “ငါနဲ့ဘာဆိုင်လဲ သတ္တဝါတွေ” တစ်စုတစ်စည်းတည်း နေကြသတဲ့။ အဲဒီအိမ်ကြီးမှာ ငါနဲ့ဘာဆိုင်လဲဝါဒကိုကိုင်စွဲတဲ့ ကြက်ဖတစ်ကောင်ရယ်၊ ငါနဲ့ဘာဆိုင်လဲ သီအိုရီ အမြဲမပြတ်ရွတ်ဖတ်နေကြတဲ့ နွားကြီးတစ်ကောင်နဲ့ ဝက် ကြီးတစ်ကောင်ကလည်း ရှိသေးသတဲ့။ အဲဒီအိမ်ကြီးမှာ အများဆုံးရှိတာတွေက ကြွက်တွေပေါ့။ ကြွက်တွေကလည်း ပေါများရုံမက အလွန်လည်း သောင်းကျန်းကြတယ်လို့ ပုံပြင်က ဆိုထားပါတယ်။ အဲ..တစ်ရက်တော့ အိမ်ရှင်အဘွားကြီးက ကြွက်တွေနှိမ်နင်းဖို့ “ကြွက်ဖမ်း သံညှပ်ကြီး” တစ်ခုဝယ်လာပြီး အိမ်ထဲမှာ ကြွက် ထောင်ထားလိုက်တယ်။
ဒီတော့ ကြွက်တွေထဲက ဘော်ဒါ စိတ်ရှိတဲ့ မောင်ဖိုးကြွက်က အတူနေ ဘော်ဒါတွေဖြစ်တဲ့ ကြက်ဖတို့၊ နွားကြီးတို့၊ ဝက်တို့ကို အိမ်ထဲမှာ ကြွက်ဖမ်း သံညှပ်ထောင် ထားကြောင်း၊ အားလုံးသတိရှိကြဖို့ အကြောင်းလိုက်သတိ ပေးတယ်။ ဒါပေမဲ့ သူတို့အားလုံးက လက် မခံဘူး။ ကြက်ဖကလည်း ကြွက်ဖမ်း သံ ညှပ် ကြက်နဲ့ဘာဆိုင်လဲ။ နွားကြီးကလည်း ကြွက်ဖမ်း သံညှပ် နွားနဲ့ ဘာဆိုင်လဲ။ ဝက်ကလည်း ရှေးနည်းတူ ကြွက်ဖမ်းသံညှပ်ဝက်နဲ့ ဘာဆိုင်လဲပဲပေါ့။ ပြီးတော့ သူတို့က မောင်ဖိုးကြွက်ကို ” ငါတို့က ကိုယ့် နေရာကိုယ်နေကြတာ၊ အနေသာကြီးပါကွ” လို့လည်း ပြောလိုက် ကြသေးတယ်။ဒီတော့ မောင်ဖိုးကြွက်လည်း သူ့ဘော်ဒါတွေကို..” အင်း..ကြွက်ထောင်ချောက် ဘယ်ကောင်မှမဝင်ရဆိုတဲ့ ဥပဒေရှိတယ်များ ထင်နေကြသလားမသိ”
(၂)
တိုတိုပြောစို့။ ည ကြွက်ထောင်ချောက်အသံကြားလို့ အိမ်ရှင်အဘွားကြီး ထကြည့်။ ထောင်ချောက်သံညှပ်မှာ မြွေပွေးတစ်ကောင် အမြီးပိုင်းညှပ်မိထား။ မြွေက အဘွားကြီး ပေါက်၊ ဘွားတော် မျက်လုံးပြာသွား၊ မြွေကိုက်ခံရပေတဲ့ အိမ်မှာ ဆေးမြီးတိုနဲ့ကု၊ မသက်သာ။ ဒါနဲ့ ဆေးရုံပြေး၊ ဆေးရုံတက်။ ဒီအချိန် လူမမာ အားရှိအောင်လုပ်ပေးဖို့ လိုလာ။ ဒီတော့ ငါနဲ့ဘာဆိုင်လဲဆိုတဲ့ ကြက်ဖ ကြီးမှာ ဆိုင်လည်းဆိုင်ရော ကြက်စွပ်ပြုတ်ဖြစ်သွား။ အဘွားကြီး ဆေးရုံပေါ်ရက်ကကြာလာတော့ ကုသစရိတ်အတွက် ငါနဲ့ဘာဆိုင်လဲဆိုတဲ့နွားကြီးလည်း ဆိုင်လည်းဆိုင် ရော နွားသတ်ရုံရောက်သွား။ ပြီး တော့ ဘွားတော်သေ။ အဲ.. ရက်လည်ဆွမ်းသွပ်တော့မယ်ဆို တော့ အိမ်ကဝက်ကြီး ဆိုင်လာပြီ လေ။ အဲ..ငါနဲ့ဘာဆိုင်လဲဆိုတဲ့ ဝက်ကလည်း မဆိုင်သေးလို့လေ။ ဆိုင်လည်းဆိုင်ရော ပိဿာအစိတ်လောက်ထွက်ဆိုပဲ။ ကိုင်း..ငါနဲ့ဘာဆိုင်လဲ ပြောကြဦးမလား။
စောဘရန်ငြိမ်း