“မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလိုမျိုးဖြစ်လာစရာအကြောင်းမရှိ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဇူလိုင် ၂၆ ရက်(ယနေ့) နေ့လည် ၁ နာရီကပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံအား သီရိလင်္ကာနိုင်ငံကဲ့ သို့ ဖြစ်လာနိုင်သည်ဆိုသည့် ပြောဆိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလိုမျိုးဖြစ်လာစရာအကြောင်းမရှိပါဘူး မြန်မာနိုင်ငံဟာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက်စုဆောင်းပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် အရန်ငွေကြေးများဖြစ်သည့် ယွမ်ကဲ့သို့ ငွေကြေးများလည်း စုဆောင်းပြီးဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။
“ငွေကြေးပမာဏကိုမပြောနိုင်ပေမယ့် ထိုက်သင့်တဲ့ငွေကြေးပမာဏ စုဆောင်းပြီးဖြစ်ပါတယ် အခြေခံရှိပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
သီရိလင်္ကာနိုင်ငံသည် စီးပွားရေးအကြပ်အတည်းကြုံတွေ့နေရပြီး ငွေကြေးဖောင်းပွခြင်း၊လောင်စာဆီမရှိခြင်း၊အစားအစာပြတ်လပ်ခြင်း၊စီးပွားရေးစနစ်ပျက်စီးခြင်း၊ဆေးဝါးအခက်အခဲများရှိခြင်း၊ပြည်ပအကြွေးများရှိခြင်းတို့ကိုရင်ဆိုင်နေရသည့် နိုင်ငံတစ်ခုဖြစ်သည်။