မြန်မာနိုင်ငံသို့ နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ဖိလစ်ပိုင်နိုင်ငံသား (၈) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ဖိလစ်ပိုင် နိုင်ငံသား (၈)ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက်နေကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်ဟုလည်း သိရသည်။
နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်မှ ဧပြီလ (၂၄) ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၉,၀၄၀) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ (၇,၃၁၁) ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီစနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား (၁,၇၂၈)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိထားကြောင်း သိရသည်။
