ယုဇနဥယျာဉ် အိမ်ရာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး (၁) ဦးသေ၊ (၁) ဦး အဖမ်းခံရ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် ဇွန်လ (၂၆) ညပိုင်းက ပေါက် ကွဲမှုဖြစ်ပွားပြီး အမျိုးသား (၁) ဦး သေဆုံးကာ (၁) ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ (၂၆) ရက် ည (၇) နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ (၁၀) လမ်း၊ (A) ဘလောက် တိုက် (၁၆) ရှိ အခန်းတစ်ခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား တစ်ဦးမှာ ဒဏ်ရာများဖြင့် လွတ်မြောက်ရာသို့ ထွက်ပြေးရန် ကြိုး စားစဉ် ရပ်ကွက်မှ ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ကြောင်း သိရသည်။
” အစက Gas အိုး ပေါက်တယ် မှတ်နေကြတာ။ အသံတော့ တော်တော်ကျယ်တယ်။ ပြီးတော့မှ ဒဏ်ရာနဲ့ ထွက်ပြေးလာတဲ့ ကောင်လေးကို ဝိုင်းဖမ်းကြမှ မဟုတ်ဘူးဆိုတာ သိရတာ။ ” ဟု အဆိုပါ ပေါက်ကွဲမှုဖြစ်သည့် ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီတွင် အိမ်ရာသို့ စစ်ကား များနှင့် ရဲကားများရောက်ရှိကာ စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။