ယူကရိန်းပဋိပက္ခ အဓိကထားဆွေးနွေးသည့် G20 အစည်းအဝေးသို့ ရုရှားတက်ရောက်
နိုဆာဒူဝါ(အင်ဒို)၊ဇူလိုင် (၇)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ရောက်ရှိနေပြီဖြစ်သည်။
G20 အစည်းအဝေးကို အိမ်ရှင်နိုင်ငံအင်ဒိုနီးရှားတွင် သောကြာနေ့အထိကျင်းပနေပြီး ပထဝီနိုင်ငံရေးဖိအားအပါအဝင် စစ်ပွဲနောက်ဆက်တွဲကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို ဟန်ချက်ညီအောင်လုပ်ဆောင်ရန်တို့ကိုဆွေးနွေးကြမည်ဖြစ်သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ရုရှားသည်ယူကရိန်းစစ်ပွဲအတွက် G20 အစည်းအဝေးကို အသုံးချခွင့်မရှိဟုဘာလီသို့ မလာခင်ထဲကပင်ပြောကြားခဲ့ပြီး “နိုင်ငံတကာဥပဒေကို သေချာလေးစားလိုက်နာခြင်းက အားလုံးရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်” ဟု Baerbock ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က သူမနိုင်ငံနှင့်အခြားသဘောထားတူနိုင်ငံများသည် စစ်ပွဲရဲ့သက်ရောက်မှုကိုG20 အစည်းအဝေးတွင် မီးမောင်းထိုးပြမည်ဖြစ်ကြောင်းဆိုသည်။
Lavrov သည် ဘာလီသို့ရောက်ရှိလာပြီး ထိပ်သီးအစည်းအဝေး၏ပြင်ပတွင် G20 အရာရှိအချို့နှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြခဲ့သော်လည်း Baerbock နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် ဝန်ကြီးများသည်၎င်း၏တွေ့ဆုံမှုကိုငြင်းဆိုထားသည်။
ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့သဖြင့် G8 မှ ၂၀၁၄ ခုနှစ်တွင်ရုရှအားဖယ်ထုတ်ခဲ့ပြီး G7 ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုဖြစ်စေသော ယူကရိန်းဂျုံတင်ပို့မှုကို ပိတ်ဆို့ခြင်းသည် ငွေကြေးဖောင်းပွမှုကိုပါဆိုးရွားစေသည်ဟု ရုရှားက စွပ်စွဲထားသည်။ရုရှားအနေဖြင့် ဆန်တင်ပို့မှုအတွက်အဆင်သင့်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။
စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲကို နှစ်ရက်တာအစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်။
စစ်ပွဲကိုရပ်တန့်ရန်နှင့် ယူကရိန်းနှင့် ရုရှားတို့၏ စားနပ်ရိက္ခာများကို ကမ္ဘာ့သို့ ပြန်လည်တင်ပို့ပြီး ပေါင်းစည်းနိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံများခိုင်မာရန် လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သမ္မတဂျိုကိုဝီဒိုဒိုသည်လည်း ပြီးခဲ့သည့် သီတင်းပတ်က ငြိမ်းချမ်းရေး အကျိုးဆောင်အနေဖြင့် ယူကရိန်းနှင့် ရုရှား တို့ကိုတွေ့ဆုံရန် ကိယက်ဗ်နှင့် မော်စကိုသို့ သွားရောက်ခဲ့သည်။
Source – Reuters