ကလေးလူကုန်ကူးမှုတားဆီး ရေး အထူးသံတမန်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက အခုဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်များကို ဥပဒေကနေ ပြင်းပြင်းထန်ထန် ချမှတ်ပေးဖို့ တောင်းဆိုချင် ကြောင်းဆိုပါတယ်။
” ဒါက ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ ပြစ်ဒဏ်တွေလည်း ချမှတ်သင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဒဏ်ပေးဖို့ လွှတ်တော်ကို တင်ပြတဲ့အခါမှာ ငြင်းပယ်ခံခဲ့ရတယ်လို့ သိရတယ်။ အဲဒီလို သေဒဏ်မပေးဘူး ဆိုရင်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဘာလွတ်ငြိမ်းချမ်းသာခွင့်မှ မရအောင်၊ ဘာခံစားခွင့်မှမရအောင် ဥပဒေကနေ ပြင်းပြင်းထန်ထန် ချမှတ် ပေးပါလို့ အစ်မတို့က တောင်းဆိုချင်ပါတယ်။ ဒီလိုကိစ္စမျိုးက ကလေး တစ်ယောက်ကို ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စတွေပါ။ ကိုယ့်သားသမီး၊ ကိုယ့် ဆွေမျိုးသားချင်းထဲကဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိခဲ့ရင် ဒါမျိုးတွေ ဖြစ်လာစရာအကြောင်းမရှိပါဘူး။ အဲဒီလိုလူမျိုးက နောက်ဘဝလူဖြစ်ဖို့တောင် မတန်တော့ပါဘူး။ အဲဒီလိုမျိုး မတော်မတရားတဲ့ စိတ်ဓာတ်တွေလည်း မမွေးပါနဲ့။ နောက်ပြီး အစ်မတို့ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံ။ လူတိုင်းက ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ပရဟိတလုပ်ငန်းတွေ အများကြီး လုပ်ဆောင်နေချိန်မှာ သူများနိုင်ငံတွေက အထင်သေးစေမယ့် ကိစ္စတွေ ပေါ်ပေါက်လာတယ်ဆိုတာ ကိုယ့်နိုင်ငံကို အများကြီးအရှက်ရစေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ကလေးလူကုန်ကူးမှု တားဆီးရေး အထူးသံတမန် ခိုင်နှင်းဝေက နိုဝင်ဘာလ ၂၂ ရက်နေ့က ကလေးများအတွက် ပညာရေး၊ ကျန်းမာရေး၊ ကလေးတွေခေါင်းပုံဖြတ်ခြင်းနဲ့ လိုအပ်တဲ့ အခွင့် အရေးများ၊ ဥပဒေများ၊ ပြဋ္ဌာန်းချက်များကို ကလေးကိုယ်စားလှယ်များနဲ့အတူ လွှတ်တော် ကိုယ်စား လှယ်များထံ ပွင့်လင်းစွာ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးအတွက် United အဖွဲ့များနဲ့ ပူးပေါင်းပြီး ထောက်ကြံ့၊ လှိုင်သာယာမြို့နယ်တို့မှာ ဟောပြောပွဲ များပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း