ယနေ့မနက်မှာ အိမ့်ကြည်ဖြူ ကလေး ကျောင်းစတက်ရပေတော့မည်။မေမေက အိမ့်ကြည်ဖြူလေးအတွက်ဝယ်ပေးထားသော စကပ်အစိမ်းလေးနှင့် အင်္ကျီအဖြူလေးကို မီးပူပြန်တိုက်ပေးသည်။သနပ်ခါးကိုကျောက်ပျဉ်မှာသာသာသွေး၍ ညက်ညက်ဖြူစေပြီးမှ ဖွဖွကလေးလိမ်းပေးသည်။အိမ့်ကြည်ဖြူလေးကမျက်နှာကလေးမော့တဲ့ကာ ငြိမ်ငြိမ်ကလေးနေသည်။ ပါးကွက်ကလေးကိုပါးပါးကလေးဝိုင်းပေးတော့ အိမ့်ကြည်ဖြူလေးက အသက်အောင့် ထားမတတ် ငြိမ်ငြိမ်ကလေးနေသည်။ ဝိုင်းဝိုင်းက လေးနော်မေမေဟုလည်းပြောလိုက်သေးသည်။ ဘွားဘွားကဘေးကနေ မျက်တောင်မခတ်တမ်းကြည့်ပြီး လမ်းညွှန်နေသည်။ ကျောင်းကို ပထမဆုံးသွားရမည့် အိမ့် ကြည်ဖြူကလေးမှာ ပျော်သလိုလိုရှိနေပုံပင်ဖြစ်သည်။
” မေမေလည်းကျောင်းသွားမှာ မဟုတ်လားဟင် ”
” မေမေကိုယ်တိုင်ကြည်ကြည့် ကို ကျောင်းလိုက်ပို့မှာပေါ့သမီးရဲ့”
” မေမေလည်း ကြည်ကြည်နဲ့အတူကျောင်းတက်မှာမဟုတ်လားလို့ ”
” ကျောင်းတက်တာက ကြည်ကြည်လေ၊ ကလေးတွေပဲကျောင်း တက်ရတာလေသမီးရဲ့”
” ဘာဖြစ်လို့ကလေးတွေပဲကျောင်းတက်ရတာလဲမေမေ” အိမ့် ကြည်ဖြူလေးရဲ့အမေးကိုမေမေက ရုတ်တရက်ဖြေရခက်သွားသည်။ ပြန်ဖြေလိုက်တာက သမီး လေးနားလည်လက်ခံနိုင်မည့်အဖြေဖြစ်ရမည်။ မဟုတ်လျှင်ကလေးဧ။် စိတ်ထဲတွင်အသိအမှတ်လွဲသွားနိုင်သည်။
” ကလေးကစာမဖတ်တတ်သေးဘူးလေ။ မေမေကစာဖတ်တတ်နေပြီ။ ကြည်ကြည်ကမဖတ်တတ်သေးဘူး။ ဒါကြောင့်ကျောင်း သွားပြီး စာသင်ရတာလေ။ မေမေက ကြည်ကြည်တို့လိုငယ်ငယ်တုန်းက ကြည်ကြည်လိုပဲ ကျောင်းသွားတက်ပြီး စာသင်ခဲ့ရတာလေ သမီး”
” ကြည်ကြည်ကျောင်းတက်ရင်မေမေ့လို စာဖတ်တတ်မှာပေါ့နော်”
” ဒါပေါ့သမီးရဲ့။ သမီးစာတွေ တတ်ရင်မေမေ့ကိုလည်း စာတွေဖတ်ပြလို့ရတာပေါ့ သမီးရဲ့”
အိမ့်ကြည်ဖြူကလေးက မေမေ့ ကိုစူးစမ်းသောမျက်လုံးကလေးများ ဖြင့်ကြည့်နေသည်။ မေမေက ခေါင်းညိတ်ပြလိုက်သည်။ အိမ့်ကြည်ဖြူလေးက စဉ်းစားသလိုလုပ် နေပြီး မေမေ့ကိုပြန်မေးလိုက်သည်။
” ဒါဆိုကျောင်းကပြန်လာရင်ကြည်ကြည်က မေမေ့ကိုစာဖတ်ပြရမှာလားဟင် မေမေ”
“ဒါပေါ့သမီးရဲ့ ”
” ကြည်ကြည်က စာမှမဖတ်တတ်တာမေမေရဲ့”
” ဒါကြောင့်ကျောင်းမှာ ဆရာမ ဆီကနေ သွားသင်ရတာပေါ့သမီးရဲ့”
” ဆရာမဆိုတာဘယ်သူလဲမေမေ ”
” ကျောင်းရောက်ရင်တွေ့မှာပေါ့သမီးရဲ့”
အိမ့်ကြည်ဖြူလေးကတွေးတွေး ဆဆဖြင့်ငြိမ်သွားသည်။ မေမေပြောတာတွေကို စဉ်းစားနေတာလား၊ ဘာဆက်မေးရမှန်းမသိလား။
“ကဲ မေမေတို့ကျောင်းသွားကြစို့”
” ဟုတ် မေမေ”
ကျောင်းဝင်းထဲဝင်လိုက်သည်နှင့်ကလေးတွေအများကြီးကိုတွေ့လိုက်ရတော့ အိမ့်ကြည်ဖြူလေးပျော်သွားပုံရသည်။ သူတို့မေမေတွေကိုလက် ဆွဲ၍လာကြသော က လေးတွေ ကိုတွေ့တော့ အိမ့်ကြည်ဖြူလေးက သူ့မေမေကိုလက်ဆွဲလိုက်သည်။ မူလတန်းကျောင်းကလေးက ကလေးတွေ သဘောကျနိုင်သည့်ဆော့စရာမြေ ကွက် လပ်များစွာရှိသောအကျယ်အဝန်းရှိလေသည်။
” မေမေကအိမ်ပြန်သွားမှာလား ဟင်”
” ပြန်ရမှာပေါ့ကြည်ကြည်ရဲ့”
” အိမ်ပြန်ပြီးရင်ဘာလုပ်မှာလဲမေမေ”
” အိမ်အလုပ်တွေလုပ်ရမှာပေါ့သမီးရဲ့”
” ထမင်းချက်မှာလားဟင် ”
” အင်းပေါ့သမီးရဲ့။ ဖေဖေတို့၊ ဘွားဘွားတို့၊ဘိုးဘိုးတို့အတွက် ထမင်းချက်ရမှာပေါ့”
” ကြည်ကြည့်ကို ဘယ်သူက ထမင်းကျွေးမှာလဲ မေမေ”
” မေမေကျွေးမှာပေါ့သမီးရဲ့။ မေမေကထမင်း၊ ဟင်းတွေချက်ပြီးရင်ကြည်ကြည့်ဆီလာမှာလေ။ကြည်ကြည့်ကို ထမင်းလာကျွေးမှာပေါ့သမီးရဲ့။ သမီးကဆရာမသင် တာတွေကိုညနေကျောင်းပြန်ရင် မေမေ့ ကိုပြန်ပြောရမှာနော်”
“ဟုတ်ကဲ့မေမေ၊မေမေ့ကိုပြန်ပြောပြမယ်”
” မေမေ့သမီးတော်တယ်နော်၊ကောင်းကောင်းသင်ခဲ့ရမယ်နော်။ သူများတွေလို ဆရာမသင်တာတွေကိုအကုန်လိုက်လုပ်ခဲ့ရမယ်နော်သမီး”
အိမ့်ကြည်ဖြူလေးတို့သား အမိနှစ်ယောက်ကျောင်းအပ်လက်ခံနေသည့်နေရာသို့ သွားကြသည်။ ကျောင်းအပ်လက်ခံသည့်ကောင်တာတွင်မေမေကလိုအပ်တာတွေကို ဖြည့်စွက်နေစဉ် အိမ့်ကြည်ဖြူကလေး ကတော့ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်။ ကျောင်းစတက်သည့်ရက်တွင်ပျော်ရွှင်နေသောကလေးတွေ၊ ငိုမဲ့မဲ့ဖြစ်နေသောက လေးတွေ၊ငိုယိုနေသောကလေးတွေကိုသူတွေ့လိုက်ရသည်။ ကျောင်းအပ်တာပြီးသွားသော ကလေးတွေကိုပြန်မလွှတ်သေးဘဲ ကျောင်နှင့်ကလေးထိတွေ့မှုဖြစ်သွား အောင်ကျောင်းဝင်းအတွင်းဆော့ ကစားခိုင်းထားပြီး ကျောင်းတက်ခေါင်းလောင်းထိုးလိုက်သည်။ကလေးတွေစာသင်ခန်းထဲဝင်ကြရပြီး လူကြီးတွေကသစ်ပင်ရင်းကထိုင်စောင့်နေကြရသည်။ တချို့ကလေးတွေက သူတို့ မေမေတွေကို အော်ခေါ်နေကြ ပြီး တချို့ကလေးတွေကျတော့ ငိုမဲ့မဲ့နှင့် စာသင်ခန်းထဲပါသွားကြ သည်။ တချို့ကလေးတွေဆို လျှင် သူတို့မေမေဧ။် လက်ကိုအသေကိုင်ထားပြီးငိုနေကြသည်။ အိမ့်ကြည်ဖြူလေးကတော့မေမေ့ကိုလှမ်းကြည့် ရင်း စာသင်ခန်းထဲဝင်သွားသည်။ မေမေ့ကိုလက်ကလေးပြသွားသည်။ မေမေကလည်းလက်ပြန်ပြလိုက်သည်။ ခဏကြာတော့ကျောင်းဆင်းခေါင်းလောင်းထိုးပေးလိုက်ပြီး ကလေးတွေ အိမ်ပြန် လာကြရသည်။အိမ့်ကြည်ဖြူလေးမှာ မေမေ့လက်ကိုဆွဲ၍ အိမ်ပြန်လာရင်း ခုန်ပေါက်လမ်းလျှောက်လိုက်လာသည်။
” စာလည်းမသင်ဘူးနော်မေမေ ”
” မနက်ဖန်ကျတော့မှသင်မှာလေကြည်ကြည်ရဲ့”
” မနက်ဖန်ကျရင်လည်း မေမေလိုက်ပို့မှာပေါ့နော်”
” ဒါပေါ့သမီးရဲ့။ မနက်ဖန်လည်းမေမေလိုက်ပို့မယ်၊နောက်ရက်တွေလည်းမေမေလိုက်ပို့မယ်၊ နေ့တိုင်း နေ့တိုင်းမေမေလိုက်ပို့မယ်။ကျောင်းလွှတ်ရင်မေမေလာ ခေါ်မယ်၊နေ့လယ်ကျောင်းဆင်းရင်လည်းမေမေပဲလာခေါ်မှာ၊ အိမ်ပြန်ထမင်း စားပြီးရင်ကျောင်းပြန်သွားပြီးကျောင်းပြန်တက်ရမယ်၊ညနေကျတော့ကျောင်းလွှတ်ပြီ၊မေ မေက ကြည်ကြည့်ကိုလာခေါ်မှာပေါ့”
“ဒါဆို မေမေက ထမင်းဘယ်ချိန်ချက်မှာလဲ”
” ကြည်ကြည်တို့ကျောင်းတက်ခေါင်းလောင်းထိုးလို့စာသင်ခန်းထဲရောက်ရင် မေမေကအိမ်ပြန်မယ်၊ကြည်ကြည်ကဆရာမဆီမှာစာသင်မယ်။မေမေကအိမ်ပြန်ပြီး ထမင်း ချက်မယ်၊အဝတ်လျှော်မယ်၊ မီးပူ တိုက်မယ်၊ အမှိုက်လှဲမယ်၊ ကြမ်းတိုက်မယ်”
“မေမေတစ်ယောက်တည်းပျင်းနေမှာပေါ့”
” မပျင်းပါဘူးသမီးရဲ့၊ ဖွားဖွား လည်းရှိတယ်၊ ဖိုးဖိုးလည်းရှိတယ်၊ဖေဖေလည်း ရှိတယ်လေ”
“ကြည်ကြည်တစ်ယောက်တည်း ပျင်းနေမှာပေါ့”
” ကြည်ကြည်လည်း ပျင်းစရာ မလိုဘူးလေသမီး။ စာသင်ဖက်သူငယ်ချင်းတွေရှိတယ်၊သူတို့နဲ့စာ အတူတူသင်မယ်၊ အတူတူဆော့မယ်၊ ဆော့မယ့်အဖော် တွေအများကြီးပဲ”
“ကြည်ကြည်က သူတို့နဲ့မှ မသိတာမေမေရဲ့”
” အတန်းထဲရောက်သွားရင်သိ သွားမှာပေါ့၊သူငယ်ချင်းတွေ အများကြီးရတော့ ပျော်စရာကောင်းတယ်လေ”
“ဆရာမက ဘာတွေသင်မှာလဲမေမေ”
” ဝလုံးကလေးတွေဝိုင်းဝိုင်းကလေးလှအောင်ဘယ်လိုရေးရမယ်ဆိုတာသင်မယ်.။ပြီးရင်ကကြီးလေးတွေရေးတာသင်မယ်၊ပြီးရင်ခကွေးလေးတွေရေးတာသင်မယ်။ ပြီးရင်တော့ဂငယ်ဃကြီးအဲဒီလိုသင်သွားမှာပေါ့သမီးရဲ့”
” ကြည်ကြည်ကအဲဒါတွေရေးတတ်လာမှာပေါ့နော်”
” ဒါပေါ့သမီးရဲ့၊သမီးကစာတွေ အများကြီးရေးတတ်လာမယ်၊စာတွေ အများကြီးဖတ်တတ်လာမယ်၊ ဖေ ဖေ့ကိုလည်းဖတ်ပြရမယ်၊ မေမေ့ကို လည်းဖတ်ပြရမယ်၊ ဘိုးဘိုးကိုလည်း ဖတ်ပြရမယ်၊ဘွားဘွားကိုလည်း ဖတ်ပြရမယ်”
“ဟင် အများကြီပဲဖတ်ပြရမှာ လားမေမေရဲ့။ အကြာကြီးနေမှာပေါ့”
မေမေကသဘောကျစွာရယ်လေသည်။ အိမ့်ကြည်ဖြူလေးရဲ့ ခေါင်းကိုအသာအရာ ပွတ်လိုက်ပြီးပြောသည်။
” ဟုတ်တယ်နော်၊မေမေ့သမီးလေးမောတော့မှာပဲ၊မေမေတစ်ယောက်ကိုပဲ ဖတ်ပြတော့နော်”
“ဖေဖေက ဖတ်ပြပါဆိုရင်ရော၊ဖတ်ပြရမှာမဟုတ်ဘူးလား”
” အင်း ဖေဖေ့ကိုလည်း သနား ပါတယ်သမီးရယ်၊ ဖတ်ပြပါဆိုဖတ်ပြလိုက်နော်၊ ဖေဖေ့ကိုဖတ်ပြပြီးရင်မေမေ့ကိုဖတ်ပြ၊ပြီးရင်ဘယ်သူ့မှဖတ်ပြမနေနဲ့တော့”
” ဘိုးဘိုးနဲ့ဘွားဘွားကိုလည်း သနားပါတယ်မေမေရယ်၊သူတို့က ဖတ်ပြပါဆိုကြည်ကြည်ဖတ်ပြရမှာပေါ့”
” အင်း ဒါလည်းဟုတ်တာပဲ၊ဖတ်ပြလိုက်ပါသမီးရယ်၊သမီးကဘယ်လောက်ဖတ်ဖတ်မမောဘူး၊အပျင်း မထူဘူးဆိုတာ ပြလိုက်ပေါ့”
“ကြည်ကြည်ကအပျင်းမထူပါဘူး မေမေရဲ့”
” ဟုတ်တယ်၊မေမေ့သမီးကြည်ကြည်က အပျင်းမလေးမဟုတ်ဘူး၊ သိပ်တော်တဲ့သမီးလေးပါနော်။ သိပ်ချစ်စရာကောင်းတဲ့သမီးလေး၊ဒါကြောင့်ချစ်နေရတာပေါ့။ လာ မေမေချီမယ်”
” ကြည်ကြည် လမ်းလျှောက်နိုင်ပါတယ် မေမေရဲ့”
” ဒါပေါ့၊ကြည်ကြည်က လိမ္မာတဲ့ကလေးပဲဟာ၊ မေမေက ချစ်ဖို့ကောင်းတဲ့သမီးလေးကို အာဘွားပေးချင်လို့ချီမှာ”
” မေမေက ထိုင်ချလိုက်လေ ”
” ဟယ်တော့ ဟုတ်သားပဲ၊ကြည့် စမ်း၊မေမေ့သမီးလေးက Óဏ်ကောင်းလိုက်တာနော်”
အိမ့်ကြည်ဖြူလေးက သူကလေး ကိုချီးကျူးလိုက်သဖြင့်ပျော်သွားသည်။ သူကလေး၏ မေမေထိုင်ချ လိုက်သည်နှင့်သူကဦးအောင်နမ်း လိုက်သည်။ မေမေက ပြန်နမ်းလိုက်ပြီး ကြည်ကြည်က ဦးသွားပြီပေါ့လေ ဟုပြောလိုက်သည်။ အိမ့်ကြည်ဖြူလေးကတခစ်ခစ်နှင့်ရယ်၍ မဆုံးနိုင်တော့ပေ။ ကိုင်ထားသည့်မေမေ့လက်ကိုလည်း အားပါးတရလွှဲကာခုန်ပေါက်၍လျှောက်လာလေသည်။ အိမ့်ကြည်ဖြူကလေးမှာ မေမေ့လက်ကိုကျစ်ကျစ်ပါအောင်ဆွဲ ကိုင်ရင်း ပျော်ရွှင်စွာလမ်းလျှောက်လိုက်လာသည်။ ကျောင်းအပ်ခဲ့တာကိုလည်း မေ့သွားပုံရလေသည်။ အိမ်နှင့်ကျောင်းကသိပ်မဝေးတော့ ဆယ်မိနစ်လောက်လမ်းလျှောက်လိုက်သည်နှင့် အိမ်ကိုရောက်သွားသည်။ မေ မေကအိမ့်ကြည်ဖြူလေးရဲ့ ကျောင်းဝတ်စုံကို လဲပေးလိုက်သည်။
” မနက်ဖန်ကျရင်လည်း ကျောင်းသွားရမှာပေါ့နော်မေမေ”
” သွားရမှာပေါ့သမီးရဲ့။ ကျောင်းကို ၅ရက်သွားရမယ်။ နှစ်ရက်ပိတ်တယ်လေသမီး။ ကျောင်း ပိတ်တဲ့နှစ်ရက်ဆို သမီးကျောင်းသွားစရာမလိုဘူး။ ဆရာမသင်ထားတာ တွေအိမ်မှာ ဖတ်ပြီးရင်သမီးဆော့လို့ရပြီ”
” ခုကော ဆော့လို့ရပြီလားမေမေ”
” ဆော့လို့ရပြီလေ၊သမီးကို ဆရာမက စာမှမသင်ပေးရသေးတာ”
” ဟေး ”
” နောက်နေ့တွေလည်း သမီးကျောင်းကပြန်လာရင် ကျောင်းဝတ်စုံလဲပြီးတာနဲ့ ဆော့လို့ရတယ်၊ရေချိုး ပြီးရင်တော့ စာကျက်ရမှာနော်သမီး”
” စာကျက်တယ်ဆိုတာက ဘာလုပ်ရတာလဲမေမေ “
” သမီးကို ဆရာမသင်ပေးလိုက်တဲ့ စာတွေ မကြည့် ဘဲဆိုနိုင်အောင်ကျက်ရတာလေသမီး ဒါမှ သမီးက စာတတ်မှာပေါ့”
” ဟုတ်ကဲ့မေမေ၊ သမီးစာလည်း ကျက်တတ်အောင်လုပ်မယ်”
” ဒါမှ မေမေ့သမီးလိမ္မာလေး”
” ကြည်ကြည်က လိမ္မာပါတယ် မေမေရဲ့”
” အင်းပါသမီးရယ်၊မေမေ့ သမီးကလိမ္မာပြီးသားဆို တာမေမေအသိ ဆုံးပေါ့”
အိမ့်ကြည်ဖြူလေးက သဘောကျသွားပြီး ဟေးခနဲအော်လိုက်သည်။ ဘွားဘွားက ဒီသားအမိနှစ်ယောက်ဘာတွေသဘောကျနေတာလဲဟေ့ ဟုလှမ်းမေးတော့အိမ့် ကြည်ဖြူလေးက ဘွားဘွားမပါဘူးဟုလှမ်းအော်သည်။ မေ မေကမီးဖိုချောင်ထဲဝင်သွားတော့ အိမ့်ကြည်ဖြူလေးလည်း သူ့ကစားစရာလေးတွေယူကာ အိမ်မျက်နှာစာကို ထွက်သွားသည်။
” မေမေရေ့၊ မေမေ ”
အိမ့်ကြည်ဖြူလေးကသူ့မေမေကိုခေါ်ပြီး မီးဖိုချောင်ထဲဝင်ပြေးလာတော့ သမီးကလေးဧ။် မေမေလန့်သွားသည်။
” သမီးကြည်ကြည် ဘာဖြစ်လို့ လဲသမီး”
အိမ့်ကြည်ဖြူလေးမှာ မီးဖိုချောင်ထဲအပြေးဝင်လာသဖြင့်မောနေရှာပြီး ရုတ်တရက်စကားမပြောနိုင်သေးပေ။ မေမေက သမီးဘာဖြစ်လို့လဲဟု မေးနေသည်။
” သမီးမေ့သွားလို့၊မေမေဘာ လုပ်နေလဲဆိုတာကြည့် ရဦးမယ်လေ၊မေမေထမင်းချက်တာ သမီးကြည့်ရဦးမှာ”
” အမလေးကြည်ကြည်ရယ်၊မေမေဖြင့်သမီးတစ်ခုခုဖြစ်တယ်ထင်လို့လန့်သွားတာပဲ။ မေမေထမင်းချက်တာကြည့်စရာမလိုပါဘူး။ သမီးဘာသာသွားဆော့နေလေ။
သမီးရေချိုးရမယ့်အချိန်ကျတော့ လှမ်းခေါ်လိုက်မယ်၊ကောင်းကောင်းဆော့နော်သမီး၊မခိုက်မိစေနဲ့”
“ဟုတ်ကဲ့မေမေ”
အိမ့်ကြည်ဖြူလေး ပြန်ထွက်ပြေးသွားတာကိုကြည့်ပြီးမေမေက ကျေကျေနပ်နပ်ပြုံးလိုက်လေသည်။
” ကြည်ကြည်ရေ့၊ဘွားဘွားကို အပ်ပေါက်ထဲအပ်ချည်ထည့်ပေးဦး”
” ဘွားဘွားကလည်း အင်္ကျီပဲချုပ်နေတာပဲ”
” စုတ်နေတာကိုးကြည်ကြည်ရဲ့၊ အစုတ်ကြီးဝတ်ရင်လူတွေကကဲ့ရဲ့မှာပေါ့”
“ကဲ့ရဲ့တယ်ဆိုတာ ဘာလဲ ဘွားဘွား”
” မကောင်းပြောကြတာပေါ့ ကြည်ကြည်ရဲ့”
” ဘာလို့မကောင်းပြောကြတာလဲ ဘွားဘွားရဲ့”
အိမ့်ကြည်ဖြူလေးရဲ့ဘွားဘွားမှာသူ့မြေးမလေးနားလည်အောင် ဘယ်လိုပြောရမလဲဟု စဉ်းစားနေသည်။
” ဘာလို့မကောင်းပြောကြတာလဲလို့”
” ကြည့်စမ်း၊အင်္ကျီစုတ်နေတာတောင်မချုပ်ဘူး၊ အပျင်းထူလိုက်တာ လို့ပြောကြမှာပေါ့ ကြည်ကြည်ရဲ့”
” ကြည်ကြည်ကတော့မပျင်း ပါဘူး၊ပျင်းတာမကောင်းဘူးလို့ ဖေဖေကပြောတယ်ဘွားဘွား”
” အေး ဟုတ်တယ်။ ပျင်းတာမကောင်ဘူး။ ဒါကြောင်ဘွားဘွားက မပျင်းဘဲ စုတ်တာတွေကိုချုပ်နေတာပေါ့ငါ့မြေးရဲ့”
” ဟုတ် ဘွားဘွား၊ကြည်ကြည်အပ်ပေါက်ထည့်ပေးမယ်၊လာပြီ ”
အိမ့်ကြည်ဖြူလေးက သူ့ဆော့စရာတွေကိုထားခဲ့ပြီး ဖွားဖွားဆီပြေးလာသည်။ အပ်ပေါက်ထဲအပ်ချည်ထည့်ပေးပြီးကြည်ကြည်ကလည်း မပျင်းဘူးနော်ဘွားဘွားဟုဆို ကာ သူ့ကစားစရာတွေဆီ ပြေးသွားသည်။
” သမီးရေ့၊မေမေရေချိုးပေးတော့မယ်နော်။ သမီးက စားစရာတွေကို သိမ်းတော့သမီး။ ရေချိုးပြီးရင် ထမင်းစားရမယ်”
” ထမင်းစားပြီးရင် မဆော့ရတော့ဘူး၊ငြိမ်ငြိမ်လေးနေပြီးရင်ခဏအိပ်ရမယ်”
” ကြည်ကြည်ကအလွတ်ရနေပြီ၊မေမေမပြောဘဲ အား လုံးသိတယ်။”
” အဲဒါအလွတ်ရအောင်ကျက်တာလို့ခေါ်တယ်သမီးရဲ့၊ နောက်တစ်ခါမပြောရတော့ဘူး။ မသင်ရတော့ ဘူး။ စာကျက်တယ်ဆိုတာလည်း အဲဒီလိုနောက်တစ်ခါ မသင်ရ
အောင်လုပ်တာပဲ သမီးရဲ့”
” ကြည်ကြည်လုပ်နိုင်ပါတယ် မေမေ”
” ဒါပေါ့၊ ကြည်ကြည်က တော်တဲ့ကလေးပဲဟာ”
” ဆော့စရာတွေကို သေသေချာချာသိမ်းမယ်မေမေ ”
အိမ့်ကြည်ဖြူရဲ့မေမေကသဘောကျစွာပြုံးလိုက်လေသည်။ မေမေမီးဖိုချောင်ထဲကထွက်လာတော့ အိမ့် ကြည်ဖြူလေးကသူ့ကစားစရာတွေကိုသိမ်းပြီးသွားပြီဖြစ်သည် ။ရေ တွင်းရှိရာလာကြရင်း အိမ့်ကြည်ဖြူလေးက မေမေဟု ခေါ်လိုက်သည်။
“သမီးကြည်ကြည် ပြောလေ”
” သမီးကျောင်းက ပြန်လာရင် မေမေ့ကိုဆရာမသင်တာတွေပြန်ပြောမယ်။ စာလည်းကျက်မယ်၊ မေမေကလည်း သမီးကျောင်းက ပြန်လာရင် မေမေလုပ်တာတွေပြော နော်”
” ဘာကိုပြောရမှာလဲကြည်ကြည်ရဲ့၊မေမေကနေ့တိုင်း ဒါတွေဒါတွေပဲလုပ်နေတာပဲကို”
” ကြည်ကြည်ကကျောင်းသွားနေတော့မေမေလုပ်တာသွားသွား မကြည့်ရဘူးလေ။ မေမေ့အိမ်ဆောက်တမ်း ကစားတော့ ကြည်ကြည်ဘာလုပ်ရမှန်း မသိဘဲနေမှာပေါ့
မေမေရဲ့။ ကြည်ကြည်က မေမေ့အိမ်ဆောက်တမ်းနေ့တိုင်း ဆော့နေတာလေ” အိမ့်ကြည်ဖြူလေးရဲ့မေမေမှ ရုတ်တရက်မင်သက်သွားမိပြီး သူ့ သမီးလေးကိုစွေ့ခနဲ ကောက်ချီကာ အားပါး တရနမ်းလိုက်သည်။
” မေမေ ကြည်ကြည်နာတယ်၊ အာဘွားဖြေးဖြေးပေးလေ”
” အင်းပါသမီးရယ်၊မေမေ့ချစ်တုံးလေးနာသွားပြီလား ”
အိမ့်ကြည်ဖြူလေး၏မေမေခမျာ မေမေ့အိမ်ဆောက်တမ်းဆော့ကစားနေသည်ဟူသော သမီးလေးစကားကြောင့်ရင်ထဲထိသွားပြီး သမီးလေးကို အားပါးတရနမ်း လိုက် မိခြင်း ဖြစ်သည်။ကြည်နူးမျက်ရည်တွေလည်း စိမ့်ထွက်လာသည်။ “ဟင် မေမေငိုနေတယ်၊မငိုပါနဲ့မေမေရယ်၊ကြည်ကြည်တအားမနာပါဘူး။သေးသေးလေးပဲနာတာပါ” အိမ့်ကြည်ဖြူလေးရဲ့ပါးပြင်မှာ မေမေ့မျက်ရည်များ ဖြင့်မျက်နှာသစ်ပြီးသားဖြစ် သွားလေသည်။
စိုးဘားဒိုင်