ရှော့ပင်း (Shopping) ဆိုသည့် ယနေ့ကာလခေတ်မီ မြို့ပြလူတန်း စားသုံးဝေါဟာရသည် အင်္ဂလိပ်မှ မြန်မာသို့ မွေးစားပြီးပြီလောဟု သိပ်မသေချာသေးသော စကားလုံးဟု ထင်ပါသည်။ ဈေးဝယ်ခြင်း၊ ဈေးဝယ်ထွက်ခြင်းဟူသည့် အဓိပ္ပာယ်ဆောင်တာတော့ သေချာပါသည်။ သို့ရာတွင် ရှော့ပင်းသည် ဂုဏ်ထည်ဝါသည်။ တောက်ပသည်။ ခေတ်မီသည်။ ဂိုက်ကောင်းသည်။ ရှော့ပင်း၊ ရှော့ပင်းနှင့် ကိုယ်ပင်းချင်တိုင်းပင်းလို့မရပါ။
စီလီဘရီတီ၊ မဒီပျိုမ ဣတÄိယ၊ နုနုရွရွ၊ လှတပတ ကြွကြွလေးများနှင့် အလိုက် ဖက် ဆုံး ဖြစ်မည်ထင်သည်။ သူတို့သာ အသုံး များသော ဝေါဟာရထင်ပါသည်။ သူတို့ရှော့ပင်းထွက်မည့်နေရာမှာ ပလာဇာ ၊ မီနီမာ့တ် (Minimart)။ အက်စ်ကလိတ် တာစက်လှေကား၊ လုံခြုံရေးလို့ မခေါ်သည့် စကျူရတီ၊ အေးသည်၊ ငြိမ့်သည်၊ သင်းပျံ့သည်၊ နတ်ပြည်ပမာ တူစွဟုတ္တာ။
ထိုနေရာ၊ ၎င်းပလာဇာတို့သည် ငါးနံ့ မညှီ၊ အသားနံ့မညှီ၊ “လာပါ ဝယ်ပါ၊ လျှော့ ပေးလိုက်မယ်”၊ “လတ်လတ်ဆတ်ဆတ်တွေ လာနော်၊ ခုမှရောက်တာ” ၊ “ဒုန်း …ဂွက်” ဟူသော စီစီညံညံအသံများမရှိ။ မိုးတဖွဲဖွဲ အောက်မှာ ရွှံဗွက်များ ပလပ်ပလပ်နှင့် ဟိုစင်၊ သည်စင် ဘာကမှ စင်စရာအကြောင်းမရှိ။ ဘယ်ကြည့်ကြည့်၊ ဘာကြည့်ကြည့် အနိပ်ကညာမုံလေးတွေနှင့် တကယ့်ကို ဣဋ္ဌာရုံဆိုသည်မှာသည်ဟာမျိုးဖြစ်မည် ပေါ့။ နေမပူ၊ ချွေးမထွက်သော်လည်း “ရွေးကွက်ကိုရှာ” လုပ်ရတာကြာတော့ ခြေသလုံး တော် ဖောင်းဖောင်းညောင်းပြီပေါ့ ကိုညိုရယ်။
ညောင်းညာပါသလား။ ကာဖီဆိုင်မှာ နားနိုင်ပါသည်။ အမြှုပ်အဖွေးသားနှင့် အရုပ်ကလေးများပင် ဆွဲပေးထားသည့် ကော်ဖီလှလှလေး၊ ဈေးများတာတွေဘာတွေ တော့ မပြောနှင့်ပေါ့။ ဖက်ဆယ်လတီက ရှိသေးသည်မဟုတ်လား။ သစ်သီးဝလံ၊ ပန်း မန်၊ ဟင်းရွက် လား။ ရှိသားပေါ့။ ရှော့ပင်း စင်တာပါဆိုမှဘာမဆိုလိုတာ အကုန်ရှိ ပေါ့။ ဝမ်းစတော့ (one stop) ဆိုလား။ အဟဲ..ဟဲ.. နည်းနည်းပဲ။ သဘာဝအရာများဖြစ်သော ထိုသစ်သီးဝလံ၊ ပန်းမန်ငုံကင်း၊ ဟင်းသီး ဟင်းရွက်များမှာ ပလတ်စတစ်ပက်ကင်လှလှထဲ ရောက်လေတော့ ဂုဏ် မောက်ဗိုလ်ဆန်။ ဈေးနှုန်းလည်း မာန်ဝင့် ဖြစ်သွားတာတစ်ခုပါပဲ။
အေးမြတ်သူတို့၊ ရွှေမှုန်ရတီတို့၊ ဝတ်မှုန် လေးတို့ကဲ့သို့သော နတ်မိမယ်၊ သနပ်ခါး .. အဲလေ လှပျိုဖြူ ပို့စ်မော်ဒန်လေးများ ဈေးဝယ်ထွက်ခြင်း နှင့် ဝယ်သောနေရာဌာန အလျောက် ရှော့ပင်းထွက်သည်ဟု သုံးစွဲ သည်မှာ အဆင်ပြေပါသော်လည်း ….။ စင်စစ်မှာတော့ သည်ကလေးမလေးတွေသည် ၎င်းတို့ လိုအပ်ချက်များအတွက် ဈေးဝယ်ခြင်း (သို့မဟုတ်) ဈေးဝယ်ထွက်ခြင်းပါပဲ။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ အစ်မကြီးဒေဝီခင်တုတ်တစ်ယောက် သူတို့ အိမ်အနီးအနား ဘာကားမှ စီးသွားစရာမလိုဘဲ ရောက်သွား နိုင်သော ဘုရားကြီးဈေး (Bazaar ….ဟု ခေါ်ထင်ရဲ့)သို့ ဈေးဝယ်ထွက်လေပြီ။ ဘုရားကြီးအနားအနီးတွင်ရှိသော လမ်းပေါ် တွင် မည်သည့်ကာလခန့်ကတည်းက စတင်ဖြစ်တည်ခဲ့မှန်းမမေးမြန်းမစပ်စုဖူးသည့် ဈေးဖြစ်တာကြောင့် “ဘုရားကြီးဈေး” ဟု ခေါ်တွင်သည်ထင်ပါ၏။ ပညာရှင်များ စကားနှင့် ပြောရလျှင်တော့ ဌာနူပစာအမည်ဟု ဆိုရပါလိမ့်မည်။
ခြင်းအသေးစားလေး လက်ဆွဲကာ ဆန်တစ်ခွက် (နို့ဆီဘူးလေးလုံး)၊ ငါးဖယ်တစ်ခါချက်၊ ဆီအဝက်သား (ဆယ့်နှစ်ကျပ် ခွဲသား)၊ ဟင်းချိုမှုန့် ခပ်ပြားပြားသေးသေး တစ်ထုပ် (အိုးတံဆိပ်လေး)၊ ပဲရာဇာလေးက အထုပ်သေးတစ်ထုပ်၊ သို့ဆိုမှဖြင့် မိသားစု နေ့လယ်စာအလုပ်ဖြစ်လေရကား။ သုတ်သုတ်သုတ်သုတ်၊ လှုပ်တုတ်လှုပ်တုတ်နှင့် ဂျိမ်းတုတ်တုတ်ကိစ္စကို တေးချင်းကလေးညည်းကာဆိုလျက် ဘုရားကြီးဈေး (Street Market) သို့ ချီတက်ပါတော့ သည်။ ဒီအခါ လမ်းထိပ်က လူနောက် မောင်ကျောက်က ပါးစပ်အငြိမ်မနေ၊ နှုတ်အိေâန္ဒအလိုက်ကန်းဆိုးမသိ ဒေဝီခင်တုတ်ကို နှုတ်ဆက်လိုက်မိ ပါချေသည်။
” မကြီးတုတ် … သုတ်သုတ် သုတ်သုတ်နဲ့ ရှော့ပင်းထွက်လာတာလားဗျ”
ဒေဝီခင်တုတ်မှာ သူ့ကို နှုတ်ဆက်လာသည့်အတွက် ပြန်နှုတ်ဆက်လိုက်ပါသော်လည်း မောင်ကျောက်စကားထဲက ရှော့ပင်းဆိုသော ဝေါဟာရကို နားမလည်သော ကြောင့် ခွကျရလေတော့၏။ ” ဘာလဲဟဲ့ ..သေနာငကျောက်ရဲ့။ နင့်တူတွေစားဖို့ ဈေးထဲသွားမလို့။ ဘယ်ကရှော့ပင်းလဲ။ ဗိုလ်ရူးငကျောက် ဈေးသည်တွေက လျှော့ဖို့တော့ စဉ်းစားမနေနဲ့။ သားဈေး၊ ငါးဈေး၊ ဟင်းရွက်ဈေး၊ ဘာဈေး၊ ညာဈေး၊ အကုန်ကြီးနေတာ။ ဘယ်မှာ လျှော့လိမ့်မတုန်း။ လျှော့လည်းမလျှော့ဘူး။ ပင်းလည်း မပင်းဘူး။ ငါတို့အတွက်တော့ နင်ပြောတဲ့ လျှော့ပင်းဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး” လူနောက် မောင်ကျောက်ခမျာ ဘာမှ ခွန်းတုံ့ပြန်မှု မပြုလိုက်နိုင်တော့ပါ။ အကယ် ၍ တုံ့ပြန်ရှင်းပြသည့်အခါ ရှော့ပင်းဆိုသည်မှာ ဈေးဝယ်ထွက်ခြင်းဟု ပြောခဲ့သော် အန်တီဒေဝီခင်တုတ်က “နင့်ရှော့ပင်းက ငါ တို့နဲ့မဆိုင်ဘူး” ဟု ကလော်တုတ်လိမ့်မည် ထင်၏။ အင်္ဂလိပ်စာများတယ်လည်း ဆန်းပြားပေသကိုး။
ခင်အောင်ဝင့်