အိမ်မှ သူထွက်လာခဲ့သည်။ အိမ် ရှေ့လမ်းကလေးအတိုင်း မြောက်ဘက်သို့ လျှောက်လာခဲ့သည်။ လမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီး က ရှေ့တူရှုမှ မောင်းနှင်ကာ တောင် ဘက်ထဲသို့ ဖြတ်သန်းသွားသည်။ လမ်းဘေးခွေးတစ်ကောင်က သူ့ နောက်မှ လိုက်လာသည်။ သူသည် လမ်းအတိုင်း ခြေလှမ်းသုံးလေးဆယ် ခန့်သွားမိသောအခါ ကတ္တရာလမ်း နှင့် သံလမ်းဆုံရာသို့ ရောက်လာ သည်။ သံလမ်းကူးတံခါးမှာ ပွင့်လျက် မီးရထားအလံချိုးသမားသည် သူ၏ ဂိတ်တဲကလေးထဲတွင် ထိုင်၍ ဆေး လိပ်ဖွာနေသည်။ သူသည် ရှည်ရှည် ဝေးဝေးမစဉ်းစားတော့ဘဲ လမ်းဆုံမှ သံလမ်းအတိုင်း တစိုက်စိုက်ဆက် လျှောက်လာခဲ့သည်။
မီးရထားသံ လမ်းဇလီဖားတုံး များကို တစ်ခုချင်း သူ ကျော်ဖြတ် လာခဲ့သည်။ မီးရထား သံလမ်းဘေး တွင် မြက်ရိုင်းပင်များက ထိုးထိုး ထောင်ထောင်ပေါက်ရောက်နေ သည်။ လမ်းဘေးခွေးသည် တကောက် ကောက်နှင့် သူ့နောက်မှ လိုက်ပါလာ လျက်ပင်ရှိသည်။ မီးရထားသံလမ်း ဘေးမှ အိမ်ပုကလေးသည် မီးခိုး အူထနေသည်။ မီးခိုးစများသည် လေထဲသို့ လွင့်ပျံ့သွားသည်။ တဲအိမ် စုစုကလေးများဘက်ဆီက ရေဒီယို ဖွင့်သံကို ကြားရသည်။ ရေဒီယိုအစီ အစဉ်မှ သောတရှင်တို့ လိုရာသီချင်း များလာနေသည်။
သူသည် ဇလီဖားတုံးများကို တစ်ခုချင်း နင်းဖြတ်လာခဲ့သည်။ သူ့ နောက်မှာ လမ်းဘေးခွေးက ထက် ကြပ်မကွာ လိုက်ပါလျက်ပင်။ မီးရ ထားသံလမ်းသည် ချောင်းငယ်တစ်ခု ကို ဖြတ်သန်းသည်။ ချောင်းငယ်ထဲ တွင် နွံဝါရောင်ရေများ တိုးဝှေ့စီးဆင်း နေသည်။ သူသည် သံလမ်းကူး တံတားပေါ်မှာ ဆက်လျှောက်လာခဲ့ သည်။ ထိုအချိန်မှာပင် သူ၏ရှေ့ တည့်တည့်ဆီမှ မီးရထားခုတ်မောင်း လာသည်ကို တွေ့လိုက်ရသည်။ သံလမ်းကူးတံတားမှ အလွန်တွင် သူသည် သံလမ်းပေါ်မှဆင်းကာ ဘေးသို့ ခေတ္တမျှ ရပ်နေ လိုက်သည်။ မီးရထားသည် အရှိန်အဟုန်ဖြင့် တဂျုံးဂျုံး တဂျက်ဂျက်ခုတ်မောင်း သွားသည်။
သူသည် သံလမ်းဘေးရပ်နေ ရာမှ အောက်ဘက်မြေသားလမ်းပေါ် သို့ ဆင်းလိုက်သည်။ မြက်ရိုင်းပင် များက နိမ့်လျှော မြေနေရာမှာ ထူထပ်စွာပေါက်ရောက်နေကြ သည်။ သူသည် သံလမ်းဘေးမြေ သားလမ်းအတိုင်း ရှေ့တူရူသို့ တ စိုက်စိုက် လျှောက်လာသည်။ လမ်း ဘေးခွေးသည် သူ့နောက်မှ တကောက်လိုက်ပါလျက်ပင်ရှိသည်။ မီးရထားသည် တဖြည်းဖြည်းခုတ် မောင်းဝေးလံသွားသည်။
သူသည် တဲအိမ်စုစု အိမ်ပုပု ကလေးများရှေ့တွင်ရှိသော မြေသား လမ်းအတိုင်း ဆက်လျှောက်လာ သည်။ ဤကမ္ဘာမြေထက်၌ လမ်းများ သည် အဆုံးရှိပါ၏လော။ လမ်းများ သည် အဆုံးရှိ ကောင်းရှိမည်။ အဆုံး ဟူ၍ မရှိဘဲလည်း ဖြစ်ကောင်းဖြစ် မည်။ သူသည် တရွေ့ရွေ့ပင် ဆက် လျှောက်လာခဲ့သည်။ သူ၏နောက်မှ ခွေးကလေးတစ်ကောင်သည် တကောက်ကောက် လိုက်ပါလျက် ပင်။ ဝေးသော ပို၍ ဝေးသော အဝေးဆုံးသို့ သွားနေသည့်နှယ်ပင်။ နေ့ရက်များ ကုန်လွန်ခဲ့သည်။ ကတ္တရာလမ်းမထက်၌ မော်တော် ကားတစ်စီး ဖြတ်သွားမြဲ။ သံလမ်း ပေါ်မှာ မီးရထားတစ်စင်းခုတ်မောင်း သွားမြဲ။ တဲအိမ်စုစု အိမ်ပုပုကလေး များဆီမှ မီးခိုးစတို့ အူထနေမြဲ လူ တစ်ယောက် ခွေးကလေးတစ်ကောင် နဲ့ ဖြတ်သွားတာတော့ မြင်လိုက်တယ် ဟု လူအချို့က ပြောကြသည်။
နေ့ရက်များ ထပ်မံ ကုန်ဆုံး သွားသောအခါ ထိုအကြောင်းကို သိရှိမှတ်မိသူ ပြောဆို သူမရှိတော့။ သံလမ်းဘေးမှာ မြက်ရိုင်းပင်တွေက ထိုးထိုး ထောင်ထောင်။ သံလမ်းကူး တံတားအောက်က ချောင်းထဲမှာ နွံ ဝါရောင်ရေတွေ တိုးဝှေ့စီးဆင်းနေမြဲ။ သံလမ်းကူးဂိတ်တဲမှာ အလံချိုး သမားက ဆေးလိပ်ကို ဖြည်းဖြည်း ချင်းဖွာလို့။
နေမျိုး