တေးရေးဝေကြီးနဲ့ အဆိုတော် ဖြိုးပြည့်စုံဆိုတာ အမြဲတမ်း ခွဲလို့မရတဲ့ တပူးပူးတတွဲတွဲ လူနှစ်ယောက်လို့ဆိုရမှာပါ။ ဝေကြီးက ပြီးပြည့်စုံတဲ့ သီချင်းကောင်းတွေဖန်တီးတယ်။ ဖြိုးပြည့်စုံက ပညာသားပါပါ သီဆိုတယ်။ အောင်မြင်တယ်။
သူတို့ ၂ ယောက်ကြားက အမှတ်တရတွေက ဘယ်လိုရှိမလဲ ဆိုတာ ဝေကြီးကို မေးမြန်းဖြစ်တော့…..
”အမှတ်တရဆိုလို့ရှိရင် ဂီတအနုပညာအလုပ် လုပ် ကတည်းက ဒီနေ့အထိ အမှတ်တရတွေအများကြီးပဲ။ ကျွန်တော်တို့ Group ထဲမှာ ဆိုလို့ရှိရင်လည်း ကိုဖြိုးပဲ ဦးဆောင်တာ။ ကျွန်တော်တို့က နောက်ကလိုက်ရတာ။ အဲဒီ လိုမျိုးပဲ။ အနုပညာဆိုလို့ရှိရင်လည်း ကိုဖြိုးဆီကနေ ပညာတွေ ရတယ်။ အစစအရာရာပေါ့နော်။ စတင်လက်တွဲကတည်းက ကျွန်တော့်အစ်ကို ဆရာလိုဖြစ်နေတော့ အမြဲတမ်းတပူးပူးတတွဲတွဲ ရှိနေတာပေါ့နော်” လို့ ဝေကြီးက ပြောပါတယ်။ ဖြိုးပြည့်စုံကို ရေးစပ် ပေးတဲ့သီချင်းတွေထဲမှာ ဘယ်သီချင်းက အမှတ်တရအဖြစ်ဆုံးလဲလို့ဆိုတော့…
”အမှတ်တရအဖြစ်ဆုံးဆိုလို့ရှိရင် အသည်းကွဲ ဧည့်သည်ကတော့ အမှတ်တရအဖြစ်ဆုံးပဲ။ ကျွန်တော့်အတွက်က ဂီတလောကထဲ ခြေလှမ်းခွင့်ရတဲ့သီချင်းလေးပေါ့ နော်။ ပြီးတော့ ကိုဖြိုးနဲ့လည်း စပြီးတော့ သိကျွမ်းခွင့်ရတဲ့သီချင်းလေးဆိုတော့ အဲဒီသီချင်းကတော့ ကျွန်တော့်ဘဝအတွက် အမှတ်တရပါပဲ” လို့ ဝေကြီးကပြောပါတယ်။ ဝေကြီးရဲ့ ဂီတခြေလှမ်းတွေက ”လှုပ်ရှား မှုကတော့ ရေးတာပဲပေါ့နော်။ အပ်ထားတဲ့သီချင်းလေးတွေကို အလျဉ်မီအောင် ရေးနေတယ်။ ပြီးတော့ ဒီလထဲမှာ M United ကထွက်တဲ့ Selection စီးရီးခွေလေးထဲမှာ ကျွန်တော်သီဆိုထားတဲ့ သီချင်းတစ်ပုဒ် ထူးထူးခြားခြား အမှတ်တရအနေနဲ့ ပြန်ပါမယ်” လို့ ဝေကြီးက ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း