ရုပ်ရှင်ရုံတစ်ရာ စီမံကိန်း အဖြစ်တည်ဆောက်လျက်ရှိနေရာ လက်ရှိမှာတော့ ရုပ်ရှင်ရုံ ၁ဝ ရုံ အထိ တည်ဆောက်ပြီးစီးသွားခဲ့ပြီး နောက် ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်ရန် အတွက်သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများထံ တင်ပြထား ကြောင်းသိရသည်။
“ကျွန်တော်သိသလောက်တော့ မှော်ဘီကရုပ်ရှင်ရုံလည်း ပြီးသွား ပါပြီ။ အခုက အစိုးရသစ်ရဲ့ မူ ဖြစ်သွားပြီဆိုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဆီမှာ ခွင့်ပြုချက် တောင်းရတယ်လေ။ ရန်ကုန်တိုင်း အစိုးရရဲ့ ခွင့်ပြုချက်ကျမှ ရုံဖွင့်လို့ ရမှာပေါ့။ အခုဆိုရင် ရှမ်းပြည် နယ် အောင်ပန်းရုပ်ရှင်ရုံကလည်း ရှမ်း အစိုးရဆီ တင်ထားတယ်။ မုံရွာ ရုပ်ရှင်ရုံ ကတော့ စစ်ကိုင်းတိုင်း အစိုးရဆီတင်ပြထားပါ တယ်။ မော်လမြိုင် ရုပ်ရှင်ရုံ၊ ဘီလင်း၊ သထုံ၊ စတဲ့ ရုပ်ရှင်ရုံတွေက တော့ ပြီးသွားပြီ။ ပြီးသွားပေမယ့် ဖွင့်ခွင့်ရဖို့ ခွင့်ပြုချက်ကို စောင့် နေတာပေါ့။ ခွင့်ပြုချက်ရပြီ ဆိုရင် တော့ ပြီးတဲ့ ရုံတွေအားလုံး ဖွင့်လို့ရ ပါပြီ။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လောက်ဆိုရင်တော့ ဖွင့်လှစ်နိုင်ဖို့ မှန်းထားပါ တယ်။ လောလောဆယ် ရုပ်ရှင်ရုံ ၁ဝ ရုံ အထိ ပြီးထားပါပြီ” ဟု ရုပ်ရှင်ရုံ တစ်ရာလုပ်ငန်းစီမံကိန်း ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသူရ (ခ)ဇာဂနာ ကပြောပြသည်။
မှော်ဘီနှင့် အောင်ပန်းမြို့ တို့တွင် ကနဦးတည်ဆောက်ထား သည့် ရုပ်ရှင်ရုံတွေ၏ အားနည်း ချက်များကို ရှာဖွေပြီး စိစစ်ပြီးမှသာ အခြားဒေသများ၌ရုပ်ရှင်ရုံတွေကို ဆက်လက်တည်ဆောက်ခဲ့သည် ဟု လည်းသိရသည်။
“မှော်ဘီနဲ့ အောင်ပန်းမှာ တုန်းကကုန်ကျစရိတ် အတော် များသွားခဲ့တယ်။ စလုပ်ခါစဆိုတော့ လေ။ တချို့အလေအလွင့် လေးတွေ များသွားခဲ့တယ်။ အဲ့ဒီအပေါ်ကို ပြန်သုံးသပ်ပြီးတော့ ကျွန်တော်တို့ တွေက ပြန်ပြင်ပြီးတော့ ကျန်တဲ့ ရုပ်ရှင်ရုံတွေကို ပြန်ပြောင်းတော့ နည်းနည်း သက်သာသွားတာပေါ့။ အမ်အိုင်စီ လို့ခေါ်တဲ့ မြန်မာ့ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ရဲ့မူ စပြောင်းတာ လေးနဲ့လည်း သွားကြုံတော့ နည်း နည်းလေး နောက်ကျသွား တာပေါ့။ အမှန်တော့ ဒီနှစ် ၂ဝ၁၆ ခုနှစ် ခရစ်စ္စမတ်ထဲမှာ စဖွင့်ချင်ခဲ့တာ။ ဒါပေမဲ့ မဖွင့်လှစ်နိုင်တော့ ဘဲနဲ့ လာမယ့်အကယ်ဒမီ ဆုပေးပွဲမတိုင်မီ မှာတော့ဖွင့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှန်းထားတဲ့ အတိုင်း တော့ဝင်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောပြပေးခဲ့သည်။
ထက်လူ