ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ခန့်မှန်းရေးသားချက်အရ သိရသည်။
ဇန်နဝါရီ(၂၇) ရက်မှ (၃၀) ရက်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်၊ မိုးကောင်း၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ကန်ပိုက်တီးမြို့နယ်တို့တွင် အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ုပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်အစရှိသည့် ဒေသများတွင်လည်း အချိန်အခါမဟုတ်မိုးအနည်းငယ်ရွာနိုင်ကာ မိုးရွာနိုင်မည့်အခြေအနေက ၂၄ နာရီအတွင်း ၅ မီလီမီတာခန့် (၀.၂ လက်မခန့်)ရွာနိုင်ပြီး၊ ရွာရန်ရာခိုင်နှုန်း ၃၀% မှ ၉၀% ရှိနိုင်မည်ဟု ဦးဝင်းနိုင်က ဆိုသည်။
ကချင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ဇန်နဝါရီ (၃၀) ရက်နေ့၌ (၂၄) နာရီအတွင်း၊ မိုးအသင့်အတင့်(၃၀ မီလီမီတာနှင့်အထက် – ၁.၂ လက်မ ခန့်)ရွာနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ ဒေသများတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်သော်လည်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးရွာသွန်းနိုင်မည့် အခြေအနေမရှိကြောင်းလည်း ဦးဝင်းနိုင်က ခန့်မှန်းရေးသားထားသည်။