ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။
လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့် ဝယ်ယူနေကြရပြီး၊ ဆီဆိုင်အများစု ပိတ်သိမ်းလာခြင်းကြောင့် လူနာတင်လမ်းကြောင်းများအတွက် အဆင်မပြေမှုများစွာဖြစ်ပေါ်နေရသည်ဟု ဆိုသည်။
“ဆီက အခုထိတော့ဝယ်လို့ရသေးပေမယ့် ဈေးတွေအဆမတန်မြင့်လာတော့ ရံပုံငွေအခြေအနေနဲ့က အဆင်မပြေဖြ စ်လာတယ်။ လူနာလမ်းကြောင်းတွေကူညီဖို့ရှိနေပေမယ့် စက်သုံးဆီက မလောက်တော့ လျော့ချပစ်နေရတယ်။ အတတ်နိုင်ဆုံးတော့ နိုင်သလောက် ကူညီဖို့လုပ်နေရင်း စိတ်ဓာတ်တွေပါ ကျတယ်ဗျာ။ ဒီပုံအတိုင်းဆို ဆီဈေးက ထပ်တက်ဖို့ဘဲရှိတယ်” ဟု ဖားကန့်ဒေသ အခြေစိုက် ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း လိုအပ်နေသည့် စက်သုံးဆီကို စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နှင့်အင်းတော်မြို့နယ်မှတဆင့် ဆိုင်ကယ်များဖြင့်သယ်ယူ၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကျန်မြို့များကို တင်သွင်းခွင့်မပြုဟု နိုဝင်ဘာ (၁၇) ရက်၌ စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။