မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးညီမဖြစ်သူက ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ ဟာသူမရဲ့ အစ်ကိုနဲ့ ထိပ်သီးအစည်းအဝေးအတွက် တောင်းဆိုခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တိုကျိုအနေနဲ့ သူ့ရဲ့ ပေါ်လစီကို အပြောင်းအလဲမလုပ်ဘဲနဲ့တော့ အစည်းအဝေးဖြစ်လာဖွယ်ရာ မရှိဘူးလို့လည်း သူမက ဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ပိတ်ပင်ထားတဲ့ လက်နက်အစီအစဉ်တွေကိစ္စ၊ ပြန်ပေးဆွဲမှုဆိုင်ရာ ကာလကြာရှည် အငြင်းပွားမှု အပါအဝင် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းကြောင်းအရ တင်းမာမှုရှိနေခဲ့ပါတယ်။ သို့ပေမယ့် ကီရှီဒါက ဆက်ဆံရေးတိုးတက်လိုတဲ့ ဆန္ဒကို မကြာခင်က ထုတ်ဖော်ပြသခဲ့ပြီး ဒါကို ပြုံယမ်းဘက်ကလည်း ဆန့်ကျင်မှုမရှိတဲ့ အရိပ်အယောင်ပြခဲ့ပါတယ်။
ဘာအခြေအနေ သတ်မှတ်ချက်မျိုးမှမထားဘဲ ကင်နဲ့ သူတွေ့ဆုံလိုကြောင်း ကီရှီဒါက ပြီးခဲ့တဲ့နှစ်မှာ ပြောဆိုခဲ့ပြီး ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များအတွင်း ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားအေးဂျင့်တွေက အဓမ္မဖမ်းဆီးခဲ့ခြင်း အပါအဝင် အကြောင်းအရာအားလုံးကို တိုကျိုက ဖြေရှင်းလိုတဲ့ဆန္ဒရှိကြောင်း ဆိုခဲ့ပါတယ်။
“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးတွေ့ဆုံဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကီရှီဒါက ပြောပြခဲ့ပါတယ်” လို့ ကင်ယိုဂျွန်းက ထုတ်ပြန်ချက်တစ်ခုမှာပြောဆိုကြောင်း KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူတွေထဲက တစ်ဦးဖြစ်တဲ့ ကင်ယိုဂျွန်းဟာ အနာဂတ်မှာ ဂျပန်ခေါင်းဆောင်ကို မြောက်ကိုရီးယားသို့ လာရောက်ဖို့ ဖိတ်ခေါ်နိုင်ခြေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လမှာ အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။
သို့ပေမယ့် တိုကျိုဘက်က ခိုင်မာတဲ့ မူဝါဒပြောင်းလဲမှု မရှိဘဲ အယုံအကြည်ကင်းမဲ့မှု၊ နားလည်မှုလွဲမှားခြင်းတွေနဲ့ ပြည့်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ရာ မဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား-ဂျပန် ဆက်ဆံရေးသမိုင်းက သင်ခန်းစာပေးထားတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်နေနဲ့ နောက်ထပ်ဖြေရှင်းစရာ မရှိတော့တဲ့ ပြန်ပေးဆွဲမှု ကိစ္စကိုဆက်လက်ကိုင်စွဲနေဦးမယ်ဆိုရင် ကီရှီဒါရဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ရေး မျှော်လင့်ချက်ဟာ အကောင်အထည်ပေါ်မှာ မဟုတ်ဘူးလို့လည်း သူမက သတိပေးခဲ့ပါတယ်။
Ref: CNA