ဆိုးလ်၊မတ် ၁၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်သည် မတ်လ ၁၅ တွင် လေကြောင်းစစ်ရေးလေ့ကျင့်မှုအားကြီးကြပ်ခဲ့ပြီး တိုက်ပွဲအတွက် လက်တွေ့ကျသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။
“စစ်ပွဲနဲ့တိုက်ရိုက်သက်ဆိုင်ပြီး လက်တွေ့ကျတဲ့ လေ့ကျင့်မှုကသာလျှင် စစ်သားတွေကိုစစ်မှန်တဲ့ တိုက်ခိုက်ရေးသမားတွေအဖြစ် ပြင်ဆင်ပေးနိုင်ပါလိမ့်မယ်” ဟု ကင်မ်ကပြောကြားခဲ့ကြောင်း KCNA ၏ ဖော်ပြချက်အရသိရသည်။
ဆက်လက်၍ ကင်မ်ဂျုံအန်းက မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်များ၏ အဆင်သင့် ဖြစ်မှုကို အားရကျေနပ်ကြောင်းနှင့် မြေမျက်နှာသွင်ပြင်၊ရာသီဥတု၊ အချိန်နှင့်အဆိုးရွားဆုံးအခြေအနေများကိုပါ ရင်ဆိုင်နိုင်မည့် လေ့ကျင့်ရေးများပြုလုပ်ရန်ပါညွှန်ကြားခဲ့သည်ဟုသိရသည်။
ကြာသပတေးနေ့ကပြီးဆုံးသွားသော တောင်ကိုရီးယားနှင့်အမေရိက တို့ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်၌ ပြုံယမ်း၏ ယခုလေ့ကျင့်ရေးဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
Freedom Shield စစ်ရေးလေ့ကျင့်မှုဟု လူသိများသော တောင်ကိုရီးယားနှင့်အမေရိကတို့၏ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ၂၀၁၈ ကချုပ်ဆိုခဲ့ပြီး နိုဝင်ဘာလက ပြုံယမ်းဘက်မှရုတ်သိမ်းခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အား ဖျက်သိမ်းလိုက်ပြီးနောက် ပထမဆုံးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။
Source : ရိုက်တာ/အာရ်ဂျေ