မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိ ရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးစီမံကိန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆၁)သန်းရှိ MOU များကို MCHEC နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် ကုမ္ပဏီ(၄)ခုမှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ MOU လက်မှတ်ရေးထိုးပွဲသို့ နစက အဖွဲ့ဝင် ဒု-ဝန်ကြီးချုပ်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်၍ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တင်ပို့မှု တန်ချိန်(၁ ဒသမ ၇)သန်းသာရှိခဲ့ပြီး ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လတာကာလအတွင်း တန်ချိန်(၂ ဒသမ ၁)သန်းအထိ တင်ပို့ထားခဲ့ပြီးဖြစ်ကာ ပြောင်းတင်ပို့မှုတွင်လည်း ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် (၁ ဒသမ ၃)သန်းခန့်သာရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်၏ (၉)လအတွင်း တန်ချိန်(၁ ဒသမ ၆)သန်းခန့်အထိ တိုးတက်လာသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် သီလဝါအကွက်အမှတ်(၂၇)၌ စားသုံးဆီ ဆိပ်ကမ်းတံတားတည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်)အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MEICO)၊ သီလဝါဆိပ်ကမ်း အကွက်အမှတ်(၂၈)၌ ကောက်ပဲသီးနှံဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)တို့နှင့် MCHEC တို့မှ MOU များရေးထိုးခဲ့ကြသည်။
ထို့ပြင် သီလဝါဆိပ်ကမ်း အကွက်အမှတ်(၂၉)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတားတည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်(MAGDPL)၊ ဆူးလေသိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ်တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့မှလည်း MOU များရေးထိုးခဲ့ကြသည်။
MOU အရ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အ မှတ်(၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များတည်ဆောက်ရေး၊ ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ်(၁၊ ၂၊ ၃ နှင့် ၄)တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ်တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်ရေးစီမံကိန်းများဆောင်ရွက်သွားမည်ဖြစ်သည်။