ရုရှားနယ်မြေအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ကိဗ်ကို အမေရိကန်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်သည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်သည်ယူကရိန်းစစ်ပွဲကို အရှိန်မြင့်စေကာတတိယကမ္ဘာစစ်ကို ဦးတည်သွားစေနိုင်သည်ဟု ဝါရင့် ရုရှားလွှတ်တော်အမတ်များက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
ယူကရိန်း-ရုရှားပဋိပက္ခတွင် ဝါရှင်တန်၏ကြီးမားသောမူဝါဒအပြောင်းအလဲဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန် အရာရှိနှစ်ဦးနှင့် ယင်းဖြစ်စဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုတို့က နိုဝင်ဘာ ၁၇ ရက် အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
“အနောက်နိုင်ငံတွေဟာ မနက်လင်းချိန်မှာပဲ ယူကရိန်းနိုင်ငံတော် လုံးဝကြေမွပျက်စီးကာ အဆုံးသတ်သွားလောက်အောင် အရှိန်မြင့်သွားနိုင်တဲ့ အဆင့်တစ်ခုကို ဆုံးဖြတ်လိုက်ကြတာပါ” ဟု ရုရှား၏ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ၏ ဝါရှင့်အဖွဲ့ဝင် မစ္စတာ Andrei Klishas က တယ်လီဂရမ်တွင် ပြောဆိုခဲ့သည်။
ထို့အပြင် ရုရှားအထက်လွှတ်တော် နိုင်ငံတကာရေးကော်မတီ၏ ဒုတိယဥက္ကဌ(၁) မစ္စတာ ဗလာဒီမာ ဒီဇာဘာရော့ဗ်ကလည်း မော်စကို၏ တုန့်ပြန်မှုသည် တမုဟုတ်ချင်း ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။
“ဒါက တတိယကမ္ဘာစစ်ကို စတင်သွားစေနိုင်တဲ့ အရမ်းအရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါ” ဟု မစ္စတာ ဒီဇာဘာရော့ဗ်က ပြောဆိုကြောင်း နိုင်ငံပိုင်သတင်းဌာနတပ်စ်က ရေးသားဖော်ပြခဲ့သည်။
သူ့အမြင်ကဲ့သို့ပင် နောက်ထပ် ရုရှားလွှတ်တော်အမတ်တစ်ဦးဖြစ်သူ မစ္စတာ မာရီယာ ဘူတီနာကလည်း “ဘိုင်ဒင်အစိုးရအဖွဲ့ဟာ သူတို့အာဏာရှိနေတုန်း၊ ရာထူးရှိနေတုန်းလေးမှာ အခြေအနေတွေကို အမြင့်ဆုံးအထိ ဆွဲတင်သွားဖို့ ကြိုးစားနေတယ်” ဟု နိုဝင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။
ထို့အပြင် ၎င်းတို့သည် မည်သူမျှ အကျိုးမရှိသော တတိယကမ္ဘာစစ်စတင်ရေးကို အသည်းအသန်စွန့်စားလာသောကြောင့် ယင်းဆုံးဖြတ်ချက်မျိုးို ချပြီးပါကလည်း ထိုဆုံးဖြတ်ချက်ကို ထရမ့်ပ်က ဖယ်ရှားပစ်မည်ဟု မိမိမျှော်လင့်ကြောင်းလည်း သူက ဆိုခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများအနေဖြင့် ယင်းကဲ့သို့ သောခြေလှမ်းမျိုး(တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်) အတွက် အတည်ပြုပေးခဲ့ပါက နေတိုး စစ်ဖက်အခြေခံအဆောက်အဦများနှင့် စစ်သည်များသည် ဒုံးကျည်ပစ်ခတ်မှုများနှင့် ပစ်မှတ်ထားခြင်းများတွင် ပါဝင်လာမည်ဖြစ်သောကြောင့် ယူကရိန်းစစ်ပွဲတွင် နေတိုးနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ တိုက်ရိုက်ပါဝင်လာခြင်းအဖြစ် မှတ်ယူရမည်ဖြစ်သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ပြောဆိုထားသည်။
Ref: သည်စထရိတ်တိုင်းမ်စ်