ကုန်သွယ်ခွန်ကိစ္စ၊ ဖန်တနိုင်း မူး-ယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုအပေါ် ကိုင်တွယ်ပုံတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေသော်လည်း သမ္မတဒေါ်နယ်ထရမ့်ပ်ကို အလေးအနက်ထောက်ခံသူ အမေရိကန်အထက်လွှတ်တော်အမတ် Steve Daines နှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် He Lifeng တို့သည် စနေနေ့က သတင်းသမားများရှေ့မှောက်တွင် နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြသည်။
Daines သည် ဇန်နဝါရီလတွင် ထရမ့်ပ် သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ လာရောက်သည့် ပထမဆုံး အမတ်တစ်ဦးဖြစ်ပြီး သူသည် တနင်္ဂနွေနေ့တွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ လီက တရုတ်နိုင်ငံ၏ မူဝါဒများနှင့် ပတ်သက်ပြီး သူ့ကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်ဟု ဟီ ကပြောဆိုသည်။
တရုတ်နိုင်ငံတောင်ပိုင်း စီးပွားရေးအချက်အချာမြို့ ကွမ်ကျိူးရှိ အမေရိကန်လူသုံးကုန်ပစ္စည်း ကုမ္ပဏီ Procter & Gamble တွင် လုပ်ကိုင်ခဲ့ဖူးသော Daines က ယခုခရီးစဉ်သည် သူ ခြောက်ကြိမ်မြောက် တရုတ်နိုင်ငံသို့လာရောက်ခြင်းဖြစ်ပြီး ရှန်ဟိုင်းပါတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်စဉ်က သူ Li Qiang နှင့်တွေ့ဆုံခဲ့ဖူးကြောင်း ပြောဆိုခဲ့သည်။
တရုတ်နှင့် အမေရိကတို့အကြား အရေးကြီးကိစ္စရပ်အချို့ကို ဆွေးနွေးရမည့်အချိန်တွင် သူ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့တွင် စတင်ခဲ့သော ခရီးစဉ်မတိုင်မီ သူသည် အိမ်ဖြူတော်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်နေကြောင်းနှင့် သမ္မတ ထရမ့်ပ်၏ အမေရိကသာ ပထမ အစီအစဉ်ကို ဆောင်ကြဉ်းလိမ့်မည်ဖြစ်ကြောင်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ ထရမ့်ပ် ၏ ပထမသက်တမ်းကာလ အကောက်ခွန်ကိစ္စ အဓိကအကြောင်းအရာဖြစ်ခဲ့ချိန်ကလည်း Daines သည် ကြားလူအဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်တာနား အထက်လွှတ်တော်အမတ် Daines က ယခုသီတင်းပတ်အစောပိုင်းတွင် X ပေါ် ပြောဆိုခဲ့ရာ၌ ဖန်တနိုင်း မူ-းယ-စ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးမှု တားဆီးရန်၊ ကုန်သွယ်မှု လိုငွေ လျှော့ချရန်နှင့် မိမိတို့၏ မွန်တာနား လယ်သမားများ၊ မွေးမြူရေးသမားများနှင့် ထုတ်လုပ်သူများအတွက် တရားမျှတသော ဈေးကွက်ရရှိရေးတို့နှင့် ပတ်သက်၍ တရုတ်အရာရှိများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Ref: အေပီ