လူသားတို့ကသတ်ဖြတ်မှုနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်များ စုစုပေါင်းအရေအတွက်သည် နှစ်ပေါင်း ၅၀ အတွင်း ၆၉% မျှ လျော့နည်းသွားပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များရန်ပုံငွေအဖွဲ့ကြီး(World Wildlife Fund-WWF)က ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ထိုသို့တင်ပြထားခြင်းဖြစ်သည်။ ၁၉၇၂ ခုနှစ်မှ ၂၀၂၂ အထိ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ အခြေအနေကို လေ့လာ၍ ယင်းအစီရင်ခံစာကို ရေးသားထားခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် တောရိုင်းတိရစ္ဆာန်အရေအတွက် ၆၉% မျှ လျော့နည်းသွားသော်လည်း၊ လက်တင်အမေရိကနှင့် ကာရီဘီယံဒေသတို့တွင်မူ ၁၉၇၂ ခုနှစ်မှသည် ၂၀၂၂ ခုနှစ် ကာလများအတွင်း တောရိုင်းတိရစ္ဆာန်များ ၉၄% အထိ လျော့နည်းသွားကာ သေကြေပျက်စီးမှုနှုန်းအများဆုံးဖြစ်ကြောင်းသိရသည်။
အာဖရိကတွင်မူ ၆၆% လျော့နည်းသွားပြီး၊ အာရှပစိဖိတ်ဒေသများတွင်မူ ၅၅% လျော့နည်းသွားသည်။
ရေချိုနေတိရစ္ဆာန်များမှာမူ ကမ္ဘာတစ်ဝန်းတွင် ၈၃% လျော့ကျသွားခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအသီးသီး၏ ဂေဟဗေဒဆိုင်ရာ ဆုတ်ယုတ်မှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကို ပေါင်းစည်းကိုင်တွယ်ထိန်းသိမ်းကြရန်လိုအပ်ကြောင်းကိုလည်း ယင်းအစီရင်ခံစာက ထောက်ပြထားသည်။