ဖနောင်ပင်၊ဒီဇင်ဘာ ၄
ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသား ၁၀ ဦးပါဝင်သည့် ဂိုဏ်းတစ်ခုကို တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကိုသိမ်းဆည်းရမိခဲ့သည်ဟုပြောကြားခဲ့သည်။
ထိုင်း၊ကမ္ဘောဒီးယားနယ်စပ် ပွာပက်မြို့တွင် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က လှည့်ကင်းလှည့်နေစဉ် ၎င်းတို့ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထဲတွင် အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးလေးဦးပါဝင်ကာ တရားခံများသည် အသက် ၂၅ မှ ၄၁ နှစ်ဝန်းကျင်အရွယ်များဖြစ်ကြသည်ဟုလည်းဆိုသည်။
၎င်းတရားခံများကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ရောင်းဝယ်ဖောက်ကားမှုနှင့် တရားမဝင်သုံးစွဲမှုများဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်းသိရသည်။ ကမ္ဘောဒီးယား၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်ချမှတ်ခြင်းမျိုးတော့မရှိပေ။
သို့သော် ကမ္ဘောဒီးယားဥပဒေအရ တရားမဝင်မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ကျော်ပြီး လက်ဝယ်တွေ့ရှိပါက အမြင့်ဆုံးအပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည်ဟုလည်းသိရသည်။
ကမ္ဘောဒီးယား၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအဆိုအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအတွင်း မူးယစ်တရားခံ နှစ်သောင်းသုံးထောင်ကျော်ဖမ်းမိခဲ့ကာ နိုင်ငံခြားသား ၈၁၆ ဦးပါဝင်ပြီး ဖမ်းဆီးရမိသည့်ဆေးပမာဏသည် တန်ချိန် ၁၃ ဒသမ ၃ တန်ဖြစ်သည်ဟုလည်းသိရသည်။
သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊မက်သာဖက်တမင်း၊စိတ်ကြွဆေးပြား၊ ဘိန်းဖြူနှင့်ကိုကင်းများ အများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေငြာခဲ့သည်။
Source : ရှင်းဟွာ