ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်း
ဂိုးဖန်တီးမှုအများဆုံး စွမ်းဆောင်မှု နံပါတ် (၇)နေရာတွင် မြန်မာလက်ရွေးစင် တိုက်စစ်မှုးသီဟဇော်ရပ်တည်နေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သီဟဇော်သည် ကမ္ဘောဒီးယားပြည်တွင်းကလပ်တစ်ခုဖြစ်သည့် နာဂဝေါအသင်းတွင် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ ဇန်နဝါရီ (၂၅)ရက်၌ LIFE FC အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့်အပြင်ပွဲစဥ် ၏ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့သည်။
ထို့အပြင် ၎င်းအနေဖြင့် နာဂဝေါအသင်းသို့ စတင်ရောက်ရှိစဉ် ပွဲဦးထွက်အဖြစ် Kirivong Sok Sen Chey FC အသင်းနှင့်ပွဲစဥ်တွင်လည်း အဖွင့်ဂိုးကိုသွင်းယူခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သေးသည်။
ထို့ကြောင့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်ဆွတ်ခူးထားနိုင်သည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။
သီဟဇော်သည် ယခုနှစ်ရာသီအတွင်း နာဂဝေါအသင်းအတွက် သွင်းဂိုး (၃)ဂိုး၊ ဂိုးဖန်တီးမှု (၅) ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့သည့်အတွက် ကမ္ဘောဒီးယားပရီးမီးယားလိဂ်၏ ဂိုးဖန်တီးမှုအများဆုံး နံပါတ် (၇) နေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။