နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲ ကြုံနေသည့် မြန်မာနိုင်ငံသား(၄)ဦးကို အစိုးရ အစီအစဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ ၊ O SMACH မြို့၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသဇင်မျိုးညွန့် အပါအဝင် နိုင်ငံသားလေးဦးတို့ကို အမိနိုင် ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးသည် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးမှုဖြင့် ဒီဇင်ဘာ(၁၃)ရက်၊ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှ ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။