ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ပြန်လည် ဖွင့်လှစ်နိုင်ရန် လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ထပ်မံ ဖွင့်လှစ်မည့် သင်တန်းကျောင်းများကိုလည်း စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သင်တန်းကျောင်းအား ဇန်နဝါရီ ပထမပတ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက သင်တန်းသား၊ သင်တန်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့် စားရိပ်သာနှင့် စားဖိုဆောင်ပြုပြင်ခြင်း၊ သင်တန်းသားအိပ်ဆောင်များ ဥပဓိရုပ် ကောင်းမွန်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်က စားရိပ်သာပြုပြင်ခြင်းအား စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ပေးရန်နှင့် သင်တန်းသား အိပ်ဆောင်များ ရေ၊ မီး ရရှိရေး သန့်စင်ခန်းများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ကျောင်းပြန်လည် ဖွင့်လှစ်ပါက ပြည်နယ်ပြင်ပတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ အားလုံး ပြန်လည်တက်ရောက်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းပေးခဲ့ကြောင်း သိရသည်။