ခရီးသွားများကို ပိုမိုဆွဲဆောင်ရန်နှင့် နိုင်ငံကို ဂိမ်းလုပ်ငန်း အချက်အချာဖြစ်လာရန် ကြိုးပမ်းနေသော ထိုင်းအစိုးရသည် ကာစီနိုများနှင့် ဖျော်ဖြေရေး အဆောက်အဦများဆိုင်ရာ ဥပဒေကြမ်းကို မတ်လ ၂၇ ရက်နေ့တွင် အစိုးရအဖွဲ့က အတည်ပြုပေးလိုက်သည်။
ထိုင်းနိုင်ငံတွင် အစိုးရက ထိန်းချုပ်သော မြင်းပြိုင်ပွဲ၊ ထီနှင့် အားကစားအချို့မှ လွဲလျှင် လောင်းကစားအများစုကို ပိတ်ပင်ထားသော်လည်း ပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ရေးနှင့် နိုင်ငံဝင်ငွေ တိုးမြင့်ရရှိရေးအတွက် ကာစီနိုလုပ်ငန်းများကို ဖွင့်ခွင့်ပေးရန် အစိုးရအဆက်ဆက်က ဖိအားပေးခဲ့သည်။
သို့သော် အစိုးရအဖွဲ့က အတည်ပြုပေးခဲ့သည့် နောက်ဆုံးမူကြမ်းတွင် ထိုင်းနိုင်ငံသား လောင်းကစားသမားများကို ကာစီနိုရုံများသို့ မသွားရောက်နိုင်စေရန် ပြဌာန်းထားသော ကန့်သတ်ချက်များ ပါဝင်သည်။ ထိုင်းနိုင်ငံသားများအတွက် ကာစီနိုရုံများသို့ ဝင်ကြေး ဘတ် ၅,၀၀၀ နှင့် စာရင်းသေ ဘဏ်အပ်ငွေ အနည်းဆုံး ဘတ်သန်း ၅၀ ရှိသော အထောက်အထားပြနိုင်ရမည်ဆိုသော သတ်မှတ်ချက်သည် တစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမေရိကန်ဒေါ်လာ ၇,၃၀၀ ခန့်ရှိသော နိုင်ငံတွင် လူဦးရေအများအပြားကို ကာစီနိုများနှင့် ကင်းဝေးသွားအောင် အဟန့်အတားဖြစ်စေမည်ဖြစ်သည်။
လူအများအပြားကို ဖယ်ထုတ်သလိုဖြစ်နေသောကြောင့် ထိုင်းနိုင်ငံသားများအတွက် ကာစီနိုဝင်ခွင့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးမည်ဟု ဒုတိယ ဘဏ္ဍာရေးဝန်ကြီးက မတ်လအစောပိုင်းတွင် ပြောဆိုထားခဲ့သည်။
နောက်ထပ် ကန့်သတ်ချက်တစ်ခုမှာ ကာစီနိုအတွက်နေရာသည် ဖျော်ဖြေရေး အဆောက်အအုံတစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းသာ ရှိရမည်ဟု ပြဌာန်းထားသည်ကို အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဥပဒေကြမ်းကို ပါလီမန်သို့ ပေးပို့သွားမည်ဖြစ်ကာ ပါလီမန်တွင် အတည်ပြုပါက အထက်လွှတ်တော်နှင့် ဘုရင့်ထံမှ အတည်ပြုချက် ဆက်လက်ရယူမည်ဖြစ်သည်။ ဥပဒေပါ ပြဌာန်းချက် အသေးစိတ်သည် အပြီးသတ်အတည်မဖြစ်သေးကြောင်းနှင့် ပါလီမန်သည် နောက်ဆုံး ဆုံးဖြတ်ချက်ပေးမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်