ကာမိုင်းမြို့တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ
ကချင်ပြည်နယ်၊ကာမိုင်းမြို့၊ကာမိုင်းစျေးအနီးရှိ လဘက်ရည်ဆိုင်တွင်ထိုင်နေသည့် ဦးဇော်ဌေး သည် မေ ၅ ရက်(ယနေ့)နံနက် ၆ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံ မှ သိရသည်။
ကာမိုင်းစျေးအနီးရှိ လဘက်ရည်ဆိုင်၌လဘက်ရည်သောက်နေသည့် ဦးဇော်ဌေးအား ဆိုင်ကယ်စီးလာသည့်အမည်မသိအမျိုးသား ၂ ဦးမှ သေ နတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“လဘက်ရည်သောက်နေတုန်းပစ်သွားတာ ရုတ် တရက်ဆိုတော့ ဆိုင်မှာရှိတဲ့လူတွေအကုန်လုံးကြောင်သွားကြတာပေါ့ ဆိုင်ကယ်မောင်းပြေးသွားမှကြည့်လိုက်တော့ ဦးဇော်ဌေးကို သွေးအိုင်ထဲမှာလဲနေတာကိုတွေ့တာ”ဟုဒေသခံတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဇော်ဌေးတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကာမိုင်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ပစ်ခံရပြီိး ဆေးရုံကိုချက်ခြင်းပို့လိုက်ရတာဖြစ်တဲ့အတွက် သေတယ်မသေဘူးဆိုတာတော့ မသိပါဘူး သူကကာမိုင်းမြို့ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ယောက်ဆိုတာတော့သိထားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာကျည်ခွံအချို့အားသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။