ရုရှားနှင့်တိုက်ပွဲအတွင်း တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ယူကရိန်းသမ္မတဇယ်လန်းစကီးကသတင်းထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် စစ်ဇုန်များကိုရှောင်ရှားသွားလာပြီး တိုက်ပွဲများတွင်ဝင်မပါရန် တရုတ်အစိုးရကတိုက်တွန်းခဲ့သည်ဟု သိရသည်။
“အခုကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကလည်း ယူကရိန်းဘက်နဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့သတင်းအချက်အလက်တွေကို အတည်ပြုနိုင်အောင် ကြိုးစားနေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားခဲ့သည်။
“တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံသားတွေကို လက်နက်ကိုင်တိုက်ပွဲတွေကို ဝေးဝေးကနေရှောင်ဖို့နဲ့ ဘယ်လိုပုံစံမျိုးနဲ့မှ ပါဝင်ပတ်သက်တာမျိုးမလုပ်ဖို့ အစောကြီးကတည်းက ကြိုတင်သတိပေးထားပါတယ်” ဟုလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဒွန်းစတက်ဒေသတိုက်ပွဲ၌ ယူကရိန်းတပ်သားများသည် တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ယူကရိန်းသမ္မတဇယ်လန်းစကီးက မီဒီယာများကို ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးကို လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယခုထက်ပို၍ရှိနေနိုင်သေးသည်ဟုလည်း ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ယခုဖမ်းမိထားသည့် အကျဉ်းသားများသည် ပေကျင်းဘက်မှစေလွှတ်ခြင်းထက် မက်လုံးပေးခံရပြီး ရုရှားတပ်နှင့် ၎င်းတို့၏သဘော ဆန္ဒအတိုင်း စာချုပ်ချုပ်ဆိုထားသူများဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။သို့သော် ခရမ္မလင်ဘက်မှ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပြုခဲ့ပေ။
Source : အေအက်ဖ်ပီ
