ကိုယ်ယုံကြည်ရာ ဂီတလမ်းကို လျှောက်ကြမယ့် လူငယ်ဂီတသမား တွေအတွက် ၀ါရင့်ဂီတသမားကြီး ဖြစ်တဲ့ ဇော်ဝင်းထွဋ်က အခုလိုအကြံပေးစကားဆိုပါတယ်။
“အဓိကကတော့ ကိုယ်ဘာကြိုက်လဲဆိုတာ ဘ၀မှာရှာဖွေဖို့ပါပဲ။ ကျွန်တော်တို့ကလည်း ရှေ့မှာ ကိုယ့် အတွေ့အကြုံအရ ပြောတာပေါ့။ ကိုယ်မလိုချင်တာတွေ၊ ကိုယ်တကယ်မကြိုက်တာတွေကို ရှာဖွေရင်းနဲ့ အချိန်တွေဖြုန်းခဲ့ကြတာကိုး။ အဲဒီတော့ ဘ၀ဟာ တိုတိုလေးဖြစ်တဲ့ အတွက် ဘ၀ကို အရသာရှိရှိသုံးဆောင်ပြီးတော့ အချိန်တွေကို ဖြတ်သန်းဖို့ပဲ အကြံပေးချင်ပါတယ်” လို့ ဇော်ဝင်းထွဋ် က ပြောပါတယ်။ အခုခေတ်လို နာမည်ကြီးရင်ပြီးရော၊ ပေါ်ပင်တွေများတဲ့ခေတ်မှာ ဂီတသမားစစ်စစ်တွေ အတွက် အချိန်တန်ရင် စကားပြောသွားလိမ့်မယ်လို့ သုံးသပ်ပြသွားတဲ့ ဦးညီထွဋ်က…
“အဓိကက ၂ မျိုးရှိပါတယ်။ ကျွန်တော်တို့က နာမည်ကြီးချင်လို့၊ အောင်မြင်ချင်လို့ လုပ်တယ်ဆိုရင်တော့ အိုကေတယ်လေ။ သူနာမည်ကြီးတာပဲ။ အောင်မြင်တာပဲဆိုတော့ အဆင်ပြေတယ်။ ကျွန်တော်တို့ လုပ်တဲ့ပုံစံကတော့ အဲ့ဒီလို မဟုတ်ဘူးပေါ့နော်။ ကိုယ်ကမလုပ်ရရင် မနေနိုင်လို့ ကိုယ့်ရွေးချယ်မှုတစ်ခုအနေနဲ့လုပ်ရတာကိုး။ အဲဒီတော့ နာမည်မကြီးလည်း ကျွန်တော်တို့က လုပ်နေရမယ် ဆိုတဲ့သဘောတော့ရှိတာပေါ့။ အဲဒီတော့ တကယ့် Musician နဲ့ သူ့ဘာသာသူစန်းထပြီးတော့ နာမည်ကြီးတာနဲ့တော့ မတူဘူးပေါ့။ ကျွန်တော်တို့က အဲဒီလို စန်းထပြီး နာမည်မကြီးချင်ဘူးပေါ့နော်။ အဲဒီလိုကြီးရင် ကျွန်တော်တို့အတွက် တော်တော် ဒုက္ခရောက်တာပေါ့။ အဲဒီလိုဖြစ်နေရင် ဘာမှန်းညာမှန်းမသိဘဲနဲ့ ကိုယ်ကလည်း ဘာဆက်လုပ်ရမှန်းမသိ။ အဲဒီလိုဘ၀မျိုး ရောက်ခဲ့ဖူးပါတယ် ကိုယ့်ကို ဘာမှန်းမသိဘဲနဲ့ စွတ်ကြပ်ပြီးတော့ ဒုက္ခရောက်တာပေါ့။ အဲဒီလိုဖြစ်တဲ့ ကလေးတွေကိုလည်း ဘ၀မှာတစ်ခါတော့ ထိပ်ဆုံး ရောက်ဖူးတာပေါ့။ ဒါပေမယ့်အားလုံး က အချိန်တန်ရင်တော့ပြီးသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း