ကိုလံဘီယာသမ္မတအဖြစ်ဂူစတာဗိုပီထရိုကျမ်းကျိန်
ဘိုဂိုတာ၊ ဩဂုတ် ၇ ရက်
ဂူစတာဗိုပီထရို သည် ဩဂုတ်လ ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ကိုလံဘီယာနိုင်ငံ၏ ၃၄ ကြိမ်မြောက် သမ္မတဖြစ်လာခဲ့သည်။
ပီထရိုက တိုင်းပြည်ရှိ တရားမျှတမှုမရှိခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်း ကိစ္စရပ်များကို ဖြေရှင်းရန်၊ လက်နက်ကိုင်အဖွဲ့များနှင့် နှစ်ခြမ်းကွဲနေသော မိမိ၏တိုင်းပြည်ကို ပြန်လည် စုစည်းသွားမည်ဖြစ်ကြောင်း၊ ရာဇဝတ်ဂိုဏ်းများ၊ အစိုးရအား ဆန့်ကျင်သည့် လက်ဝဲဝါဒီ လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရှိအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ပီထရိုသည် တနင်္ဂနွေနေ့ နေ့ခင်းပိုင်း၌ ဘိုဂိုတာရှိ ဘိုလီ့ဗာ မြို့တွင်းကွက်လပ်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ထိုပွဲသို့ စပိန်ဘုရင် ဖိလစ်ပီ ၄ အပါအဝင် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ် တစ်သိန်းခန့် တက်ရောက်ခဲ့ကြသည်။
“လူ့အဖွဲအစည်းနှစ်ခုကို မလိုချင်သလို နိုင်ငံနှစ်ခုကွဲနေတာကိုလဲ မလိုချင်ပါဘူး။ ခိုင်မာတဲ့၊ တရားမျှတပြီး စည်းလုံးတဲ့ ကိုလံဘီယာနိုင်ငံကိုသာ လိုချင်ပါတယ်” ဟု ပီထရိုက ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ပီထရိုသည် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN) လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်အသက်သွင်းရန်၊ FARC ပြောက်ကျားအဖွဲ့ဝင်ဟောင်းများထံ ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်လည်လျှောက်ထားရန် ကတိပေးခဲ့သည်။
ပီထရိုက အမေရိက ဦးဆောင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ မအောင်မြင်ခဲ့ကြောင်း ပြောဆိုကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရန် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာသစ်တစ်ခုကိုလည်း တောင်းဆိုခဲ့သည်။
လူဦးရေ သန်းငါးဆယ်၌ ထက်ဝက်နီးပါးက ဆင်းရဲမွဲတေစွာ နေထိုင်နေရသည့် မိမိ၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရန်မှာ နိုင်ငံ၏ ဦးစားပေးတာဝန်ဖြစ်ကြောင်း ပီထရိုက ပြောကြားခဲ့သည်။
ဘိုဂိုတာတွင် ထောင်နှင့်ချီသော ထောက်ခံသူများသည် ပီထရို၏ သမ္မတရာထူးဆက်ခံမှုကို အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
Source: Reuters