လာမည့်လတွင် စားနပ်ရိက္ခာဖြတ်တောက်မှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်၍ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း၏ အသက်ရှင်နေထိုင်မှု အန္တရာယ် ကြုံလာရပြီဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် သွားရောက်ခဲ့သည်။
USAID လုပ်ငန်းများကို ပိတ်သိမ်းလိုက်သဖြင့် အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှုများကို ဖြတ်တောက်ရတော့မည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်( WFP) က ကြေညာခဲ့ပြီးနောက် သောကြာနေ့တွင် နယ်စပ်ခရိုင် ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းကို ဂူတာရက်စ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ရန်ပုံငွေ ချို့တဲ့မှုကြောင့် WFP သည် ဧပြီလမှစကာ ဘင်္ဂါလီများအတွက် စားနပ်ရိက္ခာပြေစာများကို တစ်လလျှင် ၁၂ ဒဿမ ၅၀ ဒေါ်လာမှ ၆ ဒေါ်လာသို့ လျှော့ချခဲ့ပြီး လူပြည့်ကျပ်နေသော စခန်းများတွင် ငတ်မွတ်မှုများပြားလာမည်ကို စိုးရိမ်မှုများဖြစ်စေခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၂၄ ခုနှစ်တွင် WFP အတွက် သတ်မှတ်ဘတ်ဂျက် ၉ ဒဿမ ၇ ဘီလျံအနက် ၄ ဒဿမ ၄ ဘီလျံကို ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် ဝါရှင်တန်က နိုင်ငံတကာအကူအညီရန်ပုံငွေများကို လျှော့ချနေသည်။ မကြာခင်အချိန်ကအထိမူ အမေရိကသည် ဘင်္ဂါလီဒုက္ခသည်များအတွက် ထိပ်တန်းအလှူရှင်ဖြစ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ပြု–တ်ပြီးနောက် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် အာဏာရလာသော ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ဂူတာရက်စ်၏ ခရီးစဉ်သည် အကျပ်အတည်းအပေါ် နိုင်ငံတကာက အာရုံစိုက်လာစေရန်နှင့် ဒုက္ခသည်များနှင့် နိုင်ငံသားများအတွက်ပါ အကူအညီများရရှိစေရန် အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်နေသည်။
Ref: အယ်ဂျာဇီးယား