အမေ၊ အဖေ၊ အဘိုးတို့အကြောင်း ကစ၍ ကျွန်တော်ကိုယ်တိုင် သိကျွမ်းခဲ့ရသော ပုဂ္ဂိုလ်များအ ကြောင်းအခါအားလျော်စွာရေးသော ကျွန်တော့်ဆောင်းပါးများကို စုစည်း ၍ နဝမနေဝန်းခေါင်းစဉ်ဖြင့် ၂ဝ၁၄ ခုနှစ်တွင် ကံ့ကော်ဝတ်ရည်စာပေက ထုတ်ဝေခဲ့ပါသည်။ နဝမနေဝန်းမှာ ထိုဆောင်းပါးစုထဲက တစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်သည်။ အရှေ့က နေ ဝန်းထွက်သည့်ပမာကို အကြောင်းပြု ၍ ရေးသော ဆောင်းပါးဖြစ်သည်။
‘အရှေ့ကနေဝန်းထွက်သည့် ပမာ’ကို မြဝတီမဂ္ဂဇင်းတွင် လစဉ် ထည့်သွင်းဖော်ပြစဉ်ကတည်းက စောင့်ဖတ်ခဲ့ပါသည်။ ဆရာဦးသိန်း ဖေမြင့်၏ တက်ဘုန်းကြီး၊ တက် ခေတ်နတ်ဆိုး၊ သပိတ်မှောက်ကျောင်း သားဟူသော ဝတ္တုရှည်များနှင့်တကွ ငါ့လင်နှင့်ငါ့ငွေ၊ ငွေစိန်လှေလှော် ရင်း တက်ကျိုးခြင်း စသည့်ဝတ္တုတို များကို စွဲစွဲမက်မက်ဖတ်ခဲ့သည့် အ လျောက် ‘အရှေ့က နေဝန်းထွက် သည့်ပမာ’ကိုလည်း စွဲစွဲမက်မက်ဖတ် ခဲ့ပါသည်။ သို့သော် လစဉ်မဖတ်ခဲ့ရ၍ အားမလို အားမရဖြစ်ခဲ့ရသည်။ ကျော်လင်းစာပေက ၃ တွဲခွဲပြီး ထုတ် သောအခါကျမှ အစအဆုံး အားရပါး ရဖတ်ရသည်။ စာလုံးသေးသေး ကလေးတွေဖြစ်သည်။ နောက်တစ် ကြိမ် နံ့သာတိုက်က ၂ တွဲခွဲထုတ် သောအခါကျတော့ နောက်တစ်ကြိမ် ထပ်ဖတ်ပြန်သည်။ ထို့နောက်မှာ တော့ ဟိုတစ်ကွက် သည်တစ်ကွက် အကြိမ်ကြိမ်ဖတ်ဖြစ်သည်။ ဝတ္တု ထဲ က ဇာတ်ဆောင်တွေကို မြင်ယောင် လာသည်။ တင်ထွန်းလို မမြမှီလို မမြင့်ဦးလို မခင်သစ်လို ဖန်တီးဇာတ် ဆောင်တွေအပြင် ထိုစဉ်က သက်ရှိ ထင်ရှားရှိခဲ့သော ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ သခင်သန်းထွန်း၊ သခင်စိုးစသည့် ဇာတ်ဆောင်တွေ ကိုပါ မျက်စိရှေ့မှာ မြင်လာရသလို ခံစားရသည်။ ပြောစကားတွေ နား ထဲမှာ ကြားလာရသလို ခံစားရသည်။ ဇာတ်အိမ်ကျယ်ကျယ် ဇာတ်ဆောင် များများပါသော သမိုင်းနောက်ခံဝတ္တု ကြီးဖြစ်ရုံမက အရေးအဖွဲ့ပြောင် မြောက်သရုပ်ဖော်သော ဝတ္တုကြီး ဖြစ်သည့်အတွက် စွဲစွဲမက်မက်ရှိလှပါ သည်။ ကိုယ်တိုင် ဖတ်သလိုသူများ ကိုလည်း ဖတ်ဖို့ တိုက်တွန်းရသည်။
၂ဝ၁၃ ခုနှစ်က ‘အရှေ့ကနေ ဝန်း’ …ကို နဝမအကြိမ် ပြန်ထုတ် သည်။ နဝမအကြိမ် ထုတ်ဝေဖြန့်ချိ သည့်ပွဲမှာ ကျွန်တော်စကားပြောရ သည်။ အခမ်းအနားစီစဉ်သူ ကိုဇော် ခိုင်ဦးက ဖိတ်ခေါ်သည့်အတွက်ပြော ရခြင်းဖြစ်သည်။ ‘အရှေ့ကနေဝန်း’ အကြောင်း နောက်ပိုင်းမှာ လူငယ် တွေ ပြောသံဆိုသံ သိပ်မကြားရ။ မဖတ်ဖူးသူလည်း များသည်။ ပုံနှိပ် သည့်နှစ်ကိုကြည့်တော့ ၂ဝဝ၁ ခုနှစ် က အဋ္ဌမအကြိမ်ထုတ်ပြီး ကြားမှာ ထပ်မထုတ်ဘဲ ၁ဝ နှစ်ကျော်ခြားသွား ပြီး ၂ဝ၁၃ ခုနှစ်ကျမှ နဝမအကြိမ် ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုကာလအတွင်း ကြီးပြင်းလာသော လူငယ်များနှင့် အလှမ်းကွာနိုင်ပါ သည်။ ယခုနဝမအကြိမ် ထပ်ထုတ် ခွင့်ရတော့ ကျွန်တော်က ‘နဝမအ ကြိမ် ပေါ်ထွက်လာသော နေဝန်း ကြီး’ဟု တင်စားပြီး ‘နဝမနေဝန်း’ ဆောင်းပါးကို ရေးခဲ့ခြင်းဖြစ်ပါသည်။
နဝမနေဝန်းတွင် ‘အမ’သို့ တမ်းချင်း ခေါင်းစဉ်ဖြင့် ကျွန်တော် က ‘အမ’ဟု ချစ်ခင်အားကိုးစွာခေါ် ခဲ့သော မွေးမိခင်ကြီးအကြောင်း ရင် ထဲက အမေ ခေါင်းစဉ်ဖြင့် ဖခင်ကြီး အကြောင်း၊ ‘ရွှေညာသားကြီး ကျွန် တော့်ဘဘ’ခေါင်းစဉ်ဖြင့် ကျွန်တော့် အဘိုး (အမေ၏အဖေ)အကြောင်း အမှတ်တရရေးသော ဆောင်းပါးများ ကစ၍ လေးစားရသော ပုဂ္ဂိုလ်ကြီး များအကြောင်းရေးသော ဆောင်းပါး များကို ထည့်သွင်းထားပါသည်။ နယ် ချဲ့မင်း ဝိုင်းပယ်ခံ၍ မြန်မာ့အကျိုး သယ်ပိုးခဲ့သော ဆရာကြီး ဒေါက်တာ ဖာနီဗယ်၊ ပုဂံပြည်ကြီး ဗုံးဒဏ်မသင့် အောင် ‘မဏ္ဍိုင်မေရုခံမြို့ပြသို့’ဟု ဆရာမင်းသုဝဏ် ဥပမာဆောင်သည့် အတိုင်း မြင်းမိုရ်တောင်ကြီးကို ခံတပ် မြို့ပြုသကဲ့သို့ ကာကွယ်ခဲ့သော ဆ ရာကြီးဒေါက်တာလု့စ် (ဆရာဝေဠု)တို့နှင့်တကွ ဆရာဇော်ဂျီ၊ ဆရာမင်း သုဝဏ်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဒေါက်တာသန်းထွန်း၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ သံအမတ်ကြီး ဦးသက်ထွန်း၊ ဆရာဒေါက်တာကျော် စိန်၊ တင်မိုး၊ တက္ကသိုလ်မင်းမော် စသည့် ပုဂ္ဂိုလ်များအကြောင်း အ မှတ်တရရေးခဲ့ပါသည်။ နောက်ဆုံး စာရေးဆရာ ငြိမ်းကျော် ကွယ်လွန် ခါနီး ကျွန်တော့်ကို သူ့နှင့်ကျွန်တော် စိတ်ဝင်စားသော အနက်အဓိပ္ပာယ် ပညာ (အတ္တဗေဒ)စာအုပ်တစ်အုပ် ဘာသာပြန်ခိုင်းရန် ကယောင်က တမ်း မှာကြားသွားသည့်ဖြစ်ရပ်က လေးကိုလည်း အမှတ်တရဖော်ပြခဲ့ပါ သည်။
ကျွန်တော်အမှတ်တရဂုဏ်ပြု ဟောပြောခဲ့ရသည့် အကြောင်းများ လည်း ပြန်သတိရပါသည်။ စင်မြင့် ထက်က ပျဉ်းမငုတ်တိုမှာ ဆရာမင်း သုဝဏ် ၁ဝ၄ နှစ် ပြည့် အထိမ်းအ မှတ်အဖြစ် ဆရာ့ဇာတိ ကွမ်းခြံကုန်း တွင် ပြုလုပ်သော ဟောပြောပွဲတွင် ဆရာမဂျူး၊ ဆရာမ နုနုရည်တို့နှင့် အတူ ကျွန်တော်ပါဝင် ဟောပြောခဲ့ရ သည့် အကြောင်းကို ဖော်ပြထားသော ဆောင်ပါးဖြစ်သည်။ ဆရာတက္က သိုလ်ဘုန်းနိုင် အမှတ်တရညမှာ ဆောင်းပါးမှာမူ ၂ဝ၁၂ ခုနှစ်က ရန် ကုန်မြို့၊ ပြည်လမ်း ပြင်သစ်သံ အ မတ်ကြီးအိမ်ဝင်းမှာ ကျင်းပသော ‘ဂီတဆည်းဆာ’၌ ဆရာတက္ကသိုလ် ဘုန်းနိုင်၏ သီချင်း ၁၂ ပုဒ် တင် ဆက်သည့်ပွဲတွင် ပဏာမအနေဖြင့် ဆရာ့၏ဂုဏ်ကို ကျွန်တော်ဖော်ကျူး ဟောပြောခဲ့ရပြီး သီချင်းများကို နှစ် နှစ်ခြိုက်ခြိုက် နားထောင်ခဲ့ရသော အတွေ့အကြုံ ဆောင်းပါးဖြစ်ပါသည်။
ဖန်မီးအိမ်ကို ထွန်းညှိခဲ့သော ဧည့်သည် ဆောင်းပါးမှာ ကျွန်တော် နှင့် မြန်မာစာဂုဏ်ထူးတန်း အတူ တက်ပြီး ခင်မင်ခဲ့ရသော ကိုဘဂျမ်း ခေါ် ဆရာတင်မိုးအကြောင်း အ တွေးမျှင်တန်းမိသည့် ဆောင်းပါးဖြစ် သည်။
ကျေးဇူးရှင်ဌာနအကြီးအကဲ များဖြစ်သော မြန်မာစာပါမောက္ခ ဆရာမကြီး ဒေါ်စီစီဝင်းနှင့် ဆရာ ကြီးဦးဘိုသင်းတို့ ကွယ်လွန်ပြီးနောက် ဆရာကြီးဆရာမကြီးများ၏ ဂုဏ် ကျေးဇူးကို အောက်မေ့နှလုံးသွင်း ရင်း ပူဇော်ကန်တော့သည့်ဆောင်း ပါးများလည်း အမှတ်တရရေးခဲ့ပါ သည်။
မြန်မာ-ဂျာမန်ပေါင်းကူးသော့ တစ်ချောင်းဆောင်းပါးမှာမူ တည် ပုဒ်ပေါင်း ခုနစ်သောင်းပါဝင်သော ဂျာမန်-မြန်မာအဘိဓာန်ကြီးကို ၂၅ နှစ်ကျော်မျှ တစိုက်မတ်မတ်ပြုစု အောင်မြင်ခဲ့သော ဂျာမန်လူမျိုး မြန် မာစာပညာရှင် ဒေါက်တာအန်နယ် မာရီအက်ရှ (Dr.Annemarie Esche) ၏ ကြိုးပမ်းမှုကို ဖော်ပြ သော ဆောင်းပါးဖြစ်သည်။ အဘိ ဓာန်ကြီး ပြုစုသည့် ကာလတစ် လျှောက်လုံးတွင် ဆရာမကြီးကို အစ မှ အဆုံး ခင်ပွန်းဖြစ်သူ ဆရာကြီး ဒေါက်တာ အော့တိုအက်ရှ (Dr.Otto Esche) က ကူညီခဲ့သည်။ အ ဘိဓာန်မူကြမ်းပြုစုရာတွင် ပါဝင်ခဲ့ သည့်အပြင် မြန်မာစာလုံးဖြင့် စာစီ စာရိုက်သင်ပြီး ကွန်ပြူတာ ရိုက်ပေး ခဲ့သည်။ အဘိဓာန်အတွက် မြန်မာ နိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ပြီး သုတေသနပြုခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် အောင်မြင်စွာပုံနှိပ်ထုတ် ဝေနိုင်ခဲ့သည်။ ယခုပညာရှင်ကြီး ၂ ယောက်စလုံး ကွယ်လွန်သွားရှာပါပြီ။
နဝမနေဝန်းမှ အမှတ်တရများ ဖြစ်ပါသည်။
မောင်ခင်မင် (ဓနုဖြူ)