မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပပေးခဲ့သည့် MNL U-20Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီဆွတ်ခူးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။
အလားတူ ဂျူနီယာလိုင်းယွန်းအက်ဖ်စီ အသင်းအနေဖြင့် ဒုတိယ၊ ISPE FC အသင်းအနေဖြင့် တတိယဆု ဆွတ်ခူးခဲ့ကြသည်။
ပြိုင်ပွဲဝင်အသင်း (၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်များတလျှောက် သွင်းဂိုးအရေအတွက် စုစုပေါင်း (၄၃၈) ဂိုးအနက် သွင်းဂိုးအများဆုံး ရရှိသည့်အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ (၅၅) ဂိုးအထိ ရရှိခဲ့ပြီး၊ ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရသည့်အသင်းမှာ မဟာယူနိုက်တက်အသင်းမှ (၅၇) ဂိုးပေးခဲ့ရသည်။
ထို့ပြင် ပြိုင်ပွဲတလျှောက် သွင်းဂိုး (၁၅)ဂိုးအထိ အများဆုံး သွင်းယူနိုင်ခဲ့သည့် ကစားသမားမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ စိုင်းဇေယျာကျော်ဖြစ်သည်။
၎င်းသည် AYA Pay Man of the Mach မှ ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်အထိ ဆွတ်ခူးကာ စံချိန်တင်ခဲ့သူလည်းဖြစ်သည်။