ယမန်နေ့ ဇန်နဝါရီ (၄) ရက် ၊လွတ်လပ်ရေးနေ့က ပြန်လွှတ်ပေးသည့် နိုင်ငံခြားသားအကျဉ်းသားများထဲ၌ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၁) ဦး ပါဝင်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌသည် ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံအချင်းအချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသည့်အနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသား (၇၄) ဦးနှင့် အမျိုးသမီး (၇၇) ဥဦးတို့ပါဝင်သည့် ထိုင်းနိုင်ငံသားများသည်၂၀၂၄ ခုနှစ် အစောပိုင်းက တာချီလိတ်မြို့၌ ပြုလုပ်ခဲ့သည့် ကျားဖျန့်နှိမ်နင်းရေး စီးနင်းမှုများအတွင်း ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်များ၌ ထောင်ဒဏ်ကျခံနေရသူများ ဖြစ်သည်။
သူတို့ကို ကျိုင်းတုံရဲတပ်ဖွဲ့က ထိုင်းဆိုက်ဘာနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကာ လွှဲပြောင်းပေးမှုကို ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ချိတ်ဆက်ထားသည့် အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် ယမန်နေ့က ပြန်လွဲပေးခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား (၅၈၆၄) ဦးကို (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီးအင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လွတ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူအကျဉ်းသား (၆၀၀၀) ဝန်းကျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ပုဒ်မ (၅၀၅)ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား (၆၀၀) ဝန်းကျင်ပြန်လွတ်လာကြောင်းသိရပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်လည်း ပြန်လွတ်လာသည်ကို တွေ့ရသည်။