မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။
” အခု ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ”ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း တိုက်ပွဲများကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ကျိုက်မရောမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲကြောင့် အရပ်သား ထိခိုက်ေ-သဆုံးမှု၊ လက်နက်ကြီးထိမှန်၍ နေအိမ်မီးလောင်ဆုံးရှုံးမှုအများအပြားရှိခဲ့သည့်အပြင် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း အပါအဝင် ကျေးရွာပေါင်း (၂၀)ခန့်ရှိ ဒေသခံပြည်သူ (၂၀,၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။