၂၀၂၆ ခုနှစ် မတ်လတွင် ကျူးရှူးကျွန်းဒေသ၌ တာဝေးပစ်ဒုံးကျည်များ ကို မဖြန့်ကျက်ရန် ဂျပန်နိုင်ငံကို မြောက်ကိုရီးယားက သတိပေးလိုက်ပြီး ယင်းကဲ့သို့ တိုက်ခိုက်ရေးလက်နက်မျိုး တပ်ဖြန့်ခြင်းသည် အရှေ့မြောက်အာရှတွင် တင်းမာမှုများ ကို အဆက်မပြတ်တိုးလာစေလိမ့်မည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် အရေးပေါ်အခြေအနေမျိုးတွင် ရန်သူ့ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် တန်ပြန်တိုက်ခိုက်ရေး စွမ်းဆောင်ရည်များ ရရှိရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးရှူးကျွန်းပေါ်တွင် တာဝေးပစ်ဒုံးကျည်များ ချထားရန် စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်များကို ကိုးကားကာ ကျိုဒိုသတင်းဌာနက ယခုလတွင် သတင်းဖော်ပြခဲ့သည်။
ဂျပန်သည် ဂျပန်-အမေရိက စစ်ရေးမဟာမိတ်နှင့် နေတိုးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော လှုပ်ရှားမှုများမှတဆင့် အတိတ်က ရန်လိုသည့် သမိုင်းကြောင်းကို ဆက်လက်ဖော်ဆောင်နေသည်ဟု ပြုံယမ်းက စွပ်စွဲခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး၏ဝန်ကြီးဌာန၊ ဂျပန်လေ့လာရေး အင်စတီကျူ မူဝါဒရေးရာအကြီးအကဲကို ကိုးကား၍ KCNA က ဆိုခဲ့သည်။
“မြောက်ကိုရီးယားကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ စစ်ဖက်နည်းလမ်းအားလုံးနဲ့ လှုပ်ရှားပုံစံမျိုးစုံဟာ ဖယ်ရှားရှင်းလင်းပစ်ရမယ့် အရာတစ်ခုဖြစ်ပါတယ်” ဟု KCNA သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိက၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်စေခဲ့ကြောင်းနှင့် နျူကလီးယားတပ်ဖွဲ့များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် တန်ပြန်ဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်။
Ref: အက်ဖ်အမ်တီ