ငလျင်လှုပ်ပြီး တစ်ရက်အကြာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော စင်ကာပူနိုင်ငံမှ Operation Lionheart ကယ်ဆယ်ရေးသမားများသည် ငလျင်ကြောင့် နေရာအနှံ့အပြား၌ အဆောက်အအုံများ ပျက်စီးပြိုလဲနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် အံအားသင့်ခဲ့ကြရသည်။
အဖွဲ့ဝင် ၈၀ ဦးပါ ကယ်ဆယ်ရေးအဖွဲ့သည် စိတ်တည်ငြိမ်မှုကို ထိန်းကာအပျက်အစီးပုံများအောက်တွင် အသက်ရှင်လွတ်မြောက်သူများကို ကယ်ဆယ်ပေးနိုင်ရေး တစ်နေရာပြီး တစ်နေရာ ရှာဖွေမှုများလုပ်ဆောင်ခဲ့သည်။ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရှိငလျင်ကြောင့် မြန်မာနိုင်ငံတွက် လက်ရှိအထိ သေဆုံးသူဦးရေ ၃,၀၀၀ နီးပါး ရှိနေခဲ့သည်။
မတ် ၃၀ ရက်က အဖွဲ့၏ ဒုတိယမြောက် ကယ်ဆယ်ရေးနေရာဖြစ်သည့် နေပြည်တော်ရှိ သုံးထပ်အဆောက်အအုံပြိုကျမှုတွင် အမျိုးသားတစ်ဦးကို အပျက်အစီးများအောက်မှ အချိန် ၈ နာရီကြာယူ၍ အသက်ရှင်လျက် ကူညီကယ်ထုတ်ပေးနိုင်ခဲ့သည်။
အဆိုပါ အမျိုးသားကို စင်ကာပူ အရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့၏ ဆေးမှူးတစ်ဦးက စစ်ဆေးကုသပေးခဲ့ပြီး တည်ငြိမ်သောအခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
“အချိန်ကြာညောင်းပြီး ခက်ခဲတဲ့ အလုပ်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ပေးဖို့ရှိနေချိန်မှာ သူတို့ကို ဥပေက္ခာမပြုနိုင်ပါဘူး၊ ကျွန်တော်တို့ လက်မလျှော့ပါဘူး” ဟု မြန်မာနိုင်ငံရောက် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်နေသည့် ဗိုလ်မှူးကြီး Tay Zhi Wei က ကယ်ဆယ်ရေးလုပ်ဆောင်မှု လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ဧပြီ ၁ ရက်တွင် စင်ကာပူမီဒီယာများနှင့် အွန်လိုင်းမှ ပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံ့ဝန်ထမ်း ဆရာဝန်များ၊ ဆေးမှူးများ၊ ရှာဖွေရေးနှင့် အန္တရာယ်ရှိ ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူများနှင့် ရှာဖွေရေးခွေးလေးကောင်ပါဝင်သော လက်ရွေးစင် သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့သည် ဧပြီ ၁ ရက်နေ့အထိ နေပြည်တော် လေဆိပ်နှင့် ဆေးရုံတစ်ရုံ အပါအဝင် စုစုပေါင်း နေရာ ၁၃ နေရာ၌ ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ထားပြီးဖြစ်သည်။
၎င်းတို့၏ ကယ်ဆယ်ရေးခရီးစဉ်သည် ၁၄ ရက်အထိ ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗိုလ်မှူးကြီး Tay က ပြောကြားခဲ့ကာ ရှာဖွေစရာ နေရာများစွာ ကျန်ရှိနေသေးကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သူတို့ကို အသိပေးထားသည်ဟုလည်း ဆိုသည်။
နေပြည်တော်တွင် အပူချိန်သည် ၄၁ ဒီဂရီစင်တီဂရိတ်လောက်အထိ ပူပြင်းနေသော်လည်း မတ်လ ၃၀ ရက်နေ့က ပထမဆုံး ကယ်တင်မှုလုပ်နိုင်ပြီးနောက်တွင် အဖွဲ့၏ စိတ်ဓါတ်သည် အလွန်မြင့်မားနေသည်ဟု ဗိုလ်မှူးကြီး Tay က ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်