မြန်မာသစ်လုပ်ငန်းက ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် (၃၇၀၀) နီးပါးကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနက ကျွန်းသစ်လုံး (၃၀၀) တန်ခန့်၊ သစ်မာသစ်လုံး (၃၀၈၀) တန်ခန့်၊ ကျွန်းခွဲသား (၄၁) တန်ခန့်၊ သတ-ဖ ကျွန်း (၃၇) တန်ခန့် ရောင်းချမည်ဖြစ်ပြီး သစ်အခြေခံစက်မှုလုပ်ငန်းဌာနကလည်း ကျွန်းခွဲသား (၂၄၀) တန်ခန့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား)ကို ဖေဖော်ဝါရီလ (၄) ရက်၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိတ်ဖွင့်တင်ဒါနှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်သိရှိလိုပါက မြန်မာ့သစ်လုပ်ငန်း၏ ဝက်ဆိုဒ်ဖြစ်သည့် www.mte.com.mm တွင်ဝင်ရောက်ကြည့်ရှု့နိုင်သလို ဖုန်းနံပါတ် ၀၁-၃၇၂၀၂၃၊ ၃၇၂၆၈၈ သို့ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် တိုင်းပြည် သဘာဝ အရင်းအမြစ်များ ရေရှည် အသုံးပြုနိုင်ရန်နှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရန် ၂၀၁၄ ခုနှစ် ဧပြီလ (၁)ရက်မှစ၍ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို အစိုးရမှ တားမြစ် ကန့်သတ်ခဲ့ပြီး သစ်ခွဲသားနှင့် သစ်အချောထည် ထုတ်ကုန်များ တင်ပို့ခြင်းကိုမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန် ရည်ရွယ်၍ ခွင့်ပြုထားခြင်းဖြစ်သည်။