မုံရွာ ကြက်သွန်နီဈေးကွက်တွင် အဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်ကိုသာ အားထားတင်ပို့ပေးနေရကြောင်း မုံရွာမြို့ရှိ ကြက်သွန်နီ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။
“အခုကအဟောင်းတွေ အညှောင့်ထွက်တော့ မြန်မာနိုင်ငံပြည်တွင်းဘဲပို့တော့တာပါ။တရုတ်နဲ့မလေးရှားကိုမပို့ရတော့ပါဘူး။ချင်းတွင်းမြစ်ကနေ မော်တော်တွေနဲ့ ဦးစားပေးတင်ပို့တယ်။ မော်လမြိုင်၊ရန်ကုန်၊ မန္တလေးဈေးကွက်တွေဦးစားပေးပို့ပါတယ်။ အညှောင့်ထွက်ချိန်ဆိုတော့ပြည်ပတင်ဖို့က အဆင်မပြေတော့ဘူး။ စောစောလတွေကပြည်ပတရုတ်ကို တင်ရတာပေါ့။အခုက ပြည်တွင်းပဲပို့ရပါတယ်”ဟု ဓူဝံကြက်သွန်နီ ပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းဌေးကပြောသည်။
ကြက်သွန်နီဈေးနှုန်းသည် ယခုနှစ်အစောပိုင်းကဈေးနှုန်းအေးခဲ့ရာ တစ်ပိသာ (၁၆၀၀) ကျပ် – (၁၇၀၀) ကျပ်ဈေးမှ ကျပ် (၃၀၀၀)ကျော် ဈေးအထိဖြစ်လာခဲ့ပြီးယခုတွင် ဈေးကွက်အေးသွားကြောင်း သိရသည်။
လာမည့်လများအတွင်း ကြက်သွန်နီဈေးလာနိုင်ချေရှိကြောင်း ကြက်သွန်နီရောင်းသူများထံက သိရသည်။
“မုံရွာမြို့ဝန်းကျင်ကျေးရွာတွေက ကြက်သွန်နီတွေဝင်ပါတယ်။လာပို့တာရှိသလို ရွာအရောက်ဆင်းဝယ်ရတာတွေရှိပါတယ်။အခုက ကြက်သွန်နီ သက်တမ်းကုန်လို့အဟောင်းတွေရောင်းနေရတဲ့အချိန်ပါ။ အသစ်ပေါ်တော့မယ်။မိတ်ထောင်အရင်ပေါ်မှာပါ။ တပေါင်း၊ တန်ခူးလလောက်မှရေသွင်းလာမှာပါ”ဟုဒေါ်ဝင်းဝင်းဌေးက ပြောသည်။
ဈေးကွက်ပို့ရာတွင် ကြက်သွန်နီများကို လုပ်သားအင်အားသုံး၍ အမျိုးအစား (၃) မျိုးခွဲပို့ရကာ ကြက် သွန်နီပေါ်ခါစအချိန်၊ အထားခံမည့်အချိန်က ယခုအချိန်ထက်ပိုမို အလုပ်လုပ်ကြရပြီး လက်ရှိတွင် ကြက်သွန်နီဈေးကွက်အေးနေကြောင်း သိရသည်။