ကျွန်တော်ရေးခဲ့သော စာအုပ် များနှင့် ဆက်စပ်နှီးနွှယ်ရာ နောက်ခံ အကြောင်းကလေးများကို အလျဉ်း သင့်သလို ထည့်သွင်းရေးသားခဲ့ပါ သည်။ ပထမဆုံးစာအုပ်ဖြစ်သော ‘စကားပြေသဘောတရား စကားပြေ အတတ်ပညာ’စာအုပ်ကို ၁၉၇၉ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီးနောက် နှစ် ၄ဝ ကြာသောအခါ အုပ်တစ်ရာ မြောက်စာအုပ်ဖြစ်သော မင်းသုဝဏ် ဋီကာကို ထုတ်ဝေခဲ့ပါသည်။ အုပ် တစ်ရာပြည့်မြောက်သည့် အားထုတ် မှုဖြစ်သည့်အတွက် အမှတ်တရဖြစ် ရသည်နှင့်အမျှ ဝမ်းသာကြည်နူးမှု ကိုလည်း ခံစားရပါသည်။
ဆရာကြီး၏ ဘဝနှင့် ဆောင် ရွက်ချက်များကို ‘ဋီကာ’ရေးမည့် သူ တွင်ရှိအပ်သော လိုအပ်ချက် ၂ ခု ကျွန်တော့်မှာ ရှိပြီးဖြစ်သည်ဟု ခံယူ သည့်အတွက် ရေးဖို့ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် သည်။ ထိုလိုအပ်ချက် ၂ ရပ်မှာ ‘လူ ပုဂ္ဂိုလ်’နှင့်ရော ‘လုပ်ဆောင်ချက်များ’ နှင့်ပါ အကျွမ်းတဝင်ရှိခြင်းတို့ဖြစ်ပါ သည်။ ကျွန်တော်မြန်မာစာဂုဏ်ထူး တန်းစတတ်သည့်နှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာပါမောက္ခအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော ဆရာကြီး၏ သင်ကြားပို့ချမှုကို ခံယူ ခဲ့ရသည့်အတွက် ကျွန်တော်သည် ဆရာကြီး၏ တပည့်တစ်ဦးဖြစ်လာရ သည်။ ဆရာကြီးနေထိုင်သော လှည်း တန်းဦးထွန်းလင်းခြံလမ်းသို့ ကျွန် တော်တို့ မိသားစုပြောင်းရွှေ့လာရာ မှ ဆရာကြီးနှင့် တစ်လမ်းတည်း အနှစ် ၂ဝ ကျော် နေထိုင်ခဲ့ရသည်။ ဆရာကြီးအိမ်သို့ မကြာခဏဝင် ထွက်သွားလာပြီး စာပေနှင့် ဘာသာ စကားဆိုင်ရာ ဆည်းပူးစရာများကို ဆည်းပူးခဲ့ရသည်။ ဆရာကြီး၏ ဇနီး ဆရာမကြီးဒေါ်ကြည်ကြည်နှင့်တကွ သားသမီးများနှင့်ပါ သိကျွမ်းခင်မင် ခွင့်ရခဲ့သည်။ ဆရာကြီး၏ နောက် ဆုံးအချိန်အထိ ‘စာသင်တပည့်’ ‘စာ ပေတပည့်’အဖြစ် ဆက်ဆံခွင့်ရခဲ့ သည်။ ထိုအကြောင်းများကြောင့် ဆရာကြီး မင်းသုဝဏ်နှင့် လူပုဂ္ဂိုလ် အရ အကျွမ်းတဝင်ရှိခဲ့သည်ဟုဆိုရ ခြင်းဖြစ်ပါသည်။
ဆရာကြီး၏ လုပ်ဆောင်ချက် များနှင့် အကျွမ်းတဝင်ဖြစ်ရသည့် ကာလမှာ လူပုဂ္ဂိုလ်နှင့် အကျွမ်းတ ဝင်ဖြစ်ရသည့် ကာလထက်ပင် ပို စောပါသေးသည်။ ဆရာကြီးကို ‘မည် သူမည်ဝါ’မှန်း မသိသေးခင်၊ မမြင် ဖူးသေးခင်ကတည်းကပင် ဆရာကြီး ၏ စာပေများနှင့် အကျွမ်းတဝင်ဖြစ် ခဲ့ရသောကြောင့်ဖြစ်ပါသည်။ ဆရာ ကြီး၏ ကဗျာများကစ၍ ပုံပြင်များ၊ ဝတ္တုတိုများ၊ ဆောင်းပါးများ၊ ကျမ်း များ စသည့်စာပေများကို အစဉ်တ စိုက်လေ့လာဖတ်ရှုပြီး အကျွမ်းတဝင် ဖြစ်ခဲ့ရသည်။ ဆရာကြီးနှင့် တစ် လမ်းတည်း နေထိုင်ရသည့်အချိန်က စ၍ ဆရာကြီး၏ လုပ်ဆောင်ချက် များကိုလည်း အနီးကပ်မြင်တွေ့ခဲ့ရ သည်။ ရပ်ကွက်အတွင်း သာရေးနာ ရေးဆောင်ရွက်မှုများ၊ ကလေးများ၊ လူငယ်များကို ပြုစုပျိုးထောင်ပေးမှု များကစ၍ ကမာရွတ်မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ကိုယ်စားပြုပြီး ပါဝင်အရွေးခံမှု များအထိ အနီးကပ်မြင်တွေ့ခဲ့ရ သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာ ကြီး အရွေးခံသော မဲရုံတွင် မဲရုံမှူး အဖြစ် ကျွန်တော်ဆောင်ရွက်ခဲ့ရ သည်။ ဆရာကြီး ဂျပန်နိုင်ငံ အိုဆာ ကာနိုင်ငံခြားဘာသာသင်တက္ကသိုလ် သို့ မြန်မာစာဧည့်ပါမောက္ခအဖြစ် သွားရောက်ပြီး သင်ကြားပို့ချခဲ့ ကြောင်း သိခဲ့ရပြီး တိုက်တိုက်ဆိုင် ဆိုင်ပင် ထိုတက္ကသိုလ်သို့ ကျွန်တော် ကိုယ်တိုင်လည်း မြန်မာစာ ဧည့်ပါ မောက္ခအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခဲ့ရသည်။ ဤအကြောင်း များကြောင့် ဆရာကြီး မင်းသုဝဏ် ၏ လုပ်ဆောင်ချက်များနှင့်လည်း အကျွမ်းတဝင်ရှိခဲ့သည်ဟု ဆိုရခြင်း ဖြစ်ပါသည်။
ထိုအကြောင်း ၂ ရပ်အပြင် မင်းသုဝဏ်ဋီကာ ရေးဖြစ်အောင် ပဓာနအားဖြင့် ကျွန်တော့်ကို စေ့ ဆော်ပေးသောအကြောင်းတရားမှာ ဆရာကြီးကို အမှတ်တရ ဂုဏ်ပြုပူ ဇော်လိုသော ဆန္ဒပြင်းပြမှုပင်ဖြစ် သည်။ ထိုဆန္ဒအရ မင်းသုဝဏ်ဋီကာ ရေးသားရန် ဆုံးဖြတ်ပြီး ရေးမည့် အချက်အလက်များကို အတတ်နိုင် ဆုံးပြည့်စုံအောင် ရှာဖွေစုဆောင်း ပြီး အစီအစဉ်ချခဲ့သည်။ ဆရာကြီး ၏ ရာပြည့်နှစ်ဖြစ်သော ၂ဝဝ၉ ခုနှစ် တွင် ဆရာကြီး၏သား ဦးထင်ကျော် (ဆရာဒလဘန်း) ပြုစုခဲ့သော ဆရာ ကြီး၏ ဘဝမှတ်တမ်းမှ သက္ကရာဇ် စဉ်ကို အခြေခံပြီး သက္ကရာဇ်အလိုက် ဆရာကြီး၏ ဆောင်ရွက်ချက်များကို ယောစဉ်ဘဝမှ ကွယ်လွန်ချိန်အထိ ထည့်သွင်းပုံဖော်ရန် စိတ်ကူးထား သည်။ ဆရာကြီး၏ စာပေများနှင့် ပတ်သက်၍မူ ကျွန်တော်ကိုယ်တိုင် အစဉ်တစိုက်လေ့လာထားသော အချက်များကို မူတည်၍ ရေးသား ရန် ရည်ရွယ်ပါသည်။ ဆရာကြီး၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကိုယ်တွေ့သိရှိသည့်အချက်များကို ပဓာနထားပါသည်။
ဆရာကြီးနှင့်ပတ်သက်၍ ရေး သားခဲ့သော ဆရာကြီး၏ ဆရာများ၊ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ၊ တပည့်များနှင့် မိသားစုဝင်များ၏ ရေးသားချက်များကို အထောက် အထားအဖြစ် အသုံးပြုပါသည်။ အထူးသဖြင့် ဆရာဒလဘန်းရေးသား ခဲ့သော ‘အဘ’အကြောင်း ရေးသား ချက်များက များစွာအထောက်အကူ ပြုပါသည်။ လိုအပ်သောမှတ်တမ်း မှတ်ရာများ ဓာတ်ပုံများကို ဆရာကြီး ၏ သားသမီးများဖြစ်သော သားကြီး ဦးဥာဏ်စိုး၊ သားလတ်ဦးထင်ကျော် (ဒလဘန်း)၊ သမီး ဒေါ်ထားချို (နှင်း သုဝဏ်)တို့ထံ အကူအညီတောင်းရာ ဝမ်းပန်းတသာရှာဖွေပေးကြပါသည်။ မင်းသုဝဏ်ဋီကာရေးသားပြုစုစဉ် ကာလတစ်လျှောက် အတွေ့အကြုံ များဖြစ်သည်။
‘မင်းသုဝဏ်ဋီကာ’ကို ဆောင်း ပါးများအဖြစ် လစဉ်ရေးသွားရန် ရည်ရွယ်၍ ပေဖူးလွှာမဂ္ဂဇင်းတွင် စတင်ရေးသားခဲ့သည်။ အယ်ဒီတာ မြေလတ်မောင်မြင့်သူကလည်း ဝမ်း သာအားရ ထည့်သွင်းပေးသည်။ ပေ ဖူးလွှာရပ်နားသွားသောအခါ မြေ လတ်မောင်မြင့်သူပင် တည်းဖြတ်နေ သော မုခ (Faces)၊ မဂ္ဂဇင်းမှာ ဆက်လက်ထည့်သွင်းပေးခဲ့သည်။ ထို့ နောက် မဂ္ဂဇင်းမှာ ဆက်မရေးဖြစ် တော့ဘဲ ခဏရပ်နားခဲ့သည်။ နောက် ဆုံးတွင် အစမှအဆုံး စာအုပ်အဖြစ် ပုံဖော်မည်ဟု ဆုံးဖြတ်ပြီး ဆက် လက်ရေးသားပြုစုခဲ့ရာ ၅ နှစ်ကျော် အကြာ ၂ဝ၁၈ ခုနှစ်တွင် ရေးသား ပြီးစီးခဲ့ပါသည်။
စာအုပ်အဖြစ် ပုံဖော်ရန်အ တွက် ပြောကြဆိုကြစဉ် ဆန်းစသော် တာစာပေမှ ‘လပြည့်ဝေး’က မင်းသု ဝဏ်ဋီကာကို ထုတ်ဝေရန် အလွန် စိတ်အားထက်သန်နေကြောင်း အကဲ ခတ်မိသည့်အတွက် စာမူများကို သူ့ လက်သို့ အပ်လိုက်ပြီး စာအုပ်အဖြစ် ပုံဖော်ဖို့ စီစဉ်လိုက်သည်။ လပြည့် ဝေးက လိုအပ်သည့် ဓာတ်ပုံများ၊ မှတ်တမ်းများကို ဆက်လက်စုဆောင်း ပေးသည်။ မင်းခန့် (သုလင်းဝေ)နှင့် ၂ ယောက်တွဲပြီး ဆရာကြီးမိသားစု နှင့်ပါ ဆက်သွယ်၍ စာအုပ်ဖြစ် အောင် ပုံဖော်ခဲ့ပါသည်။ နောက်ဆုံး တွင် ကျွန်တော်နှစ်ပေါင်းများစွာ ဆန္ဒပြင်းပြခဲ့သော မင်းသုဝဏ်ဋီကာ ပုံပေါ်လာပါတော့သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် မင်းသုဝဏ်ဋီကာသည် ကျွန်တော်၏ အုပ်တစ်ရာပြည့် စာ အုပ်ဖြစ်နေသည့်အတွက် ရန်ကုန် တက္ကသိုလ် မြန်မာစာမိသားစုက ကျွန်တော်စာအုပ်တစ်ရာပြည့် ဂုဏ် ပြုပွဲကို ကျင်းပခဲ့ပါသည်။ မြန်မာစာ ဌာန၏ ရှေ့ဆောင်ရှေ့ရွက် ဖခင် တစ်ဦးဖြစ်သော ဆရာကြီးမင်းသု ဝဏ်ကို ဂုဏ်ပြုပူဇော်သည့်ပွဲလည်း ဖြစ်ပါသည်။ ဆရာကြီး၏ မိသားစု ဝင်များ တက်ရောက်ရာ အမှတ်တရ စကားများ ပြောကြားခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် ဆန်းစ သော်တာစာပေက ထုတ်ဝေခြင်းဖြစ် ပါသည်။ ကျွန်တော်က စာအုပ်ကို ‘နှစ် ပေါင်းရှစ်ဆယ်ရောင်စုံခြယ်’ ဟူသောကဏ္ဍဖြင့် စဖွင့်ပါသည်။ နှစ် ပေါင်း ၈ဝ လုံးလုံး စာပေဥယျာဉ်ကြီး တွင် စာပေပန်းများ ရောင်စုံဖူးပွင့် လာစေရန် အလှခြယ်ခဲ့သော စာအုပ် ဥယျာဉ်မှူးကြီးအဖြစ် ဆရာကြီး၏ ဂုဏ်ကို စတင်ဖော်ကျူးပြီး ငယ်စဉ် ဘဝမှ နောက်ဆုံးအချိန်အထိ ဆရာ ကြီး၏ ‘ဘဝနှင့် စာပေ’၊ ‘ဘဝနှင့် ဆောင်ရွက်ချက်’များကို တက်စွမ်း သမျှ ပုံဖော်ခဲ့ပါသည်။
ဆရာကြီးကွယ်လွန်ခြင်း နှစ် အတန်ကြာမှ ရေးရသောစာအုပ်ဖြစ် သည့်အတွက် ဆရာကြီးကို တိုက်ရိုက် မေးမြန်းခွင့်မရခဲ့ပါ။ သို့သော် ဆရာ ကြီးအကြောင်းနှင့်ပတ်သက်၍ မဂ္ဂ ဇင်းထဲတွင် ဆရာဒလဘန်းနှင့် အင် တာဗျူးလုပ်ထားသော အချက်အ လက်များကို ကိုးကားနိုင်ခဲ့ပါသည်။ အချို့သောကိစ္စများတွင် သို့လောသို့ လော တွေးထင်စရာများ မသဲမကွဲ ဖြစ်မှုများရှိခဲ့ရာ ရှင်းလင်းအောင် အထောက်အထားများဖြင့် ဖော်ညွှန်း ခဲ့ပါသည်။ သာဓကအားဖြင့် ‘ဘကြီး အောင်ညာတယ်နှင့် ဆက်နွှယ်ရာရာ များ’၊ ‘ဘဝတစ်ကွေ့မှာ စိတ်မချမ်း သာစရာ’အခန်းများတွင် လေ့လာနိုင် ပါသည်။
ယခုဆိုလျှင် ဆရာကြီးကွယ်လွန် ပြီးသည်မှာ ၁၅ နှစ်ကျော်ခဲ့ပါပြီ။ ဆရာကြီးနှင့်ပတ်သက်၍ ရေးကြ သော စာအုပ်စာတမ်းများလည်း အများအပြား ပေါ်ထွက်ခဲ့ပြီးပါပြီ။ ထိုစာအုပ်များတွင် ကျွန်တော်၏ ‘မင်းသုဝဏ်ဋီကာ’သည်လည်း တစ် ထောင့်တစ်နေရာကနေ၍ ဆရာကြီး ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးနေမည် ဖြစ်ပါသည်။
မောင်ခင်မင် (ဓနုဖြူ)