၂ဝ၁၆ ခုနှစ်မှာ စာပေဆောင်း ပါးများကို စုစည်းပြီး ကံ့ကော်ဝတ် ရည်စာပေက စာအုပ်တစ်အုပ်ထုတ် သည်။ စာအုပ်နာမည်က မြန်မာစာ ပေ နှစ်တစ်ထောင်ခရီး (စာပေရေး ရာစာစု) ဖြစ်သည်။
၁၂ ရာစုအစောပိုင်းတွင် စတင် ပေါ်ပေါက်သော မြန်မာစာ ပေသည် ယနေ့ ၂၁ ရာစုတွင် နှစ်တစ်ထောင် ခရီးအစသို့ ဝင်ပြီဖြစ် သည်။ ထိုခရီးကို ခြေရာခံသည့် ‘မြန်မာစာပေ နှစ်တစ်ထောင်ခရီး’ ဟူသော ဆောင်းပါးတစ်ပုဒ်ရေးခဲ့ရာ ဆောင်းပါးအမည်ကို စာအုပ်အ မည်အဖြစ်အတည် ပြုလိုက်ခြင်းဖြစ် သည်။
သက္ကရာဇ်အခိုင်အမာပါသော အစောဆုံး မြန်မာစာအဖြစ် ပညာ ရှင်များ အသိအမှတ်ပြုကြသည့် ရာ ဇကုမာရ်ကျောက်စာထက် စော သော မြန်မာစာအရေးအသား အဖြစ် ကျန်စစ်သားမင်းလက်ထက် မြကန်မွန် ကျောက်စာတွင် မွန်စာ များကြားမှာ ‘မဟာနိဗ္ဗာန်လက် ဆုယ်ခိရိယ’ (မဟာနိဗ္ဗာန်လက်ဆွဲ ချီရေ)ဟူသော မြကန်၏အမည်ကို မြန်မာစာညှပ်၍ ရေးထိုးထားသော အရေးအသားမှာ ရာဇကုမာရ် ကျောက်စာထက်စောသော မြန်မာ စာအရေးအသား ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်ကတွေ့ရှိသော မြစ်သား ကျောက်စာသည် စောလူးမင်း လက် ထက် ၄၄၁ ခုနှစ် တွင် ရေးထိုးသော ကျောက်စာဖြစ်ကြောင်း သက္ကရာဇ် ကို ဂဏန်းဖြင့် ရေးထိုးခြင်းမဟုတ်ဘဲ၊ မွန်ဘာသာ ပျူဘာသာစာဖြင့် အထင်အရှား ရေးထိုးထားကြောင်း အခိုင်အမာတွေ့ရသည်။ ထို ကျောက်စာတွင် ‘မ္လခ်သာဂေါးဟ်’ ဟူ၍ မွန်ဘာသာတွင် ‘မြစ်သာ’ ဟူသော မြန်မာစာလုံးညှပ်၍ ရေး ထားရာ ထိုအရေးအသားသည် ရာဇ ကုမာရ်ကျောက်စာထက် စောသော မြန်မာစာအရေးအသားဖြစ် ကြောင်း ထင်ရှားသည်။ ထိုအ ကြောင်းကို မြစ်သားကျောက်စာမှ အစောဆုံး မြန်မာစာလောဟူသော ခေါင်းစဉ် ဖြင့် ရေးခဲ့ပါသည်။
တောင်ငူခေတ်တွင် ရှင်ဥာဏ သည်းခံကြီးဟု ထင်ရှားသော ဆရာ တော် ပြုစုသည့် တောင်ငူရာဇဝင် သည် တောင်ငူခေတ်မှာပင် ရေးသား သော ကျမ်းဖြစ်သည့်အတွက် ခေတ် ပြိုင်မှတ်တမ်း တစ်ခေတ်ဖြစ်သည်။ စာပေတန်ဖိုး၊ သမိုင်းတန်ဖိုးကြီးမား သော အထောက်အထားဖြစ်သည်။ တောင်ငူတည်ပြီးနောက် အစဉ် အဆက် နန်းစံခဲ့သောမင်းများ အ ကြောင်းကို ကျစ်လျစ်စွာ ရေးသား ထားသည်။ ထူးခြားသော အသုံးအ နှုန်းများ ပါဝင်သည်။ တောင်ငူရာဇ ဝင်အရ ရှင်ဥာဏသည်းခံကြီးနှင့် ဆရာ …အကြောင်း သိရသည်။ ဤအကြောင်းကို ဆောင်းပါးရေးခဲ့ပါ သည်။
တွင်းသင်းမင်းကြီး၏ ပျို့သုံး စောင်မှ ဘုရားရှင်ဘွဲ့များ ဆောင်း ပါးတွင် ကုန်းဘောင်ခေတ်စာဆို တွင်းသင်းမင်းကြီး ပျိုရွယ်စဉ် အသက် ၂၅ နှစ်တွင် ရေးဖွဲ့သော မုဒုလက္ခဏာပျို့၊ အသက် ၆ဝ ကျော် တွင် ရေးဖွဲ့သော ဘလ္လာတိယပျို့ နှင့် အသက် ၈ဝ တွင် ရေးဖွဲ့သော မဟာ ဇနက ပျို့တို့မှ ဘုရားရှင်ဘွဲ့ များကို နှိုင်းယှဉ်လေ့လာထားသည်။ အသက် အရွယ် အနုအရင့်အရ စာအနုအရင့် ကွာပုံကို သုံးသပ်ထား သည်။
တဂိုးနှင့်ပတ်သက်သည့် ဆောင်းပါး ၂ ပုဒ်မှာလည်း အမှတ် တရဖြစ်သည်။ ဘင်္ဂါလီစာဆိုတော် ကြီး ရာဘင်ဒရာနသ်တဂိုးနှစ် ၁၅ဝ ပြည့် အထိမ်းအမှတ်ကို ရန်ကုန်တက္က သိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပရာ ကျွန်တော်သည်ကျင်းပရေးကော်မတီ ၏ တာဝန်ပေးချက်အရ ‘ကမ္ဘာသိ မြန်မာသိ ဘင်္ဂါလီစာဆိုကြီး ရာဘင် ဒရာနသ်တဂိုး၏ စာပေကျေးဇူး’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ပါဝါပွိုင့်သာ ပြင်ဆင်ပြီး ပြသဟော ပြောခဲ့ပါသည်။ စာတမ်းအပြည့်အစုံ မရေးဖြစ်ခဲ့ပါ။ ဟောပြောပြီးသော အခါ ကဗျာဆရာကြီး ညွန့်ဝေ (က သာ) (ဒေါက်တာဦးသိန်းညွန့်)က ဟောပြောချက်အပြည့်အစုံ ပြန်ရေး ပြီး မဂ္ဂဇင်းတစ်စောင်မှာ ထည့်ဖို့ အကြံပေးသည်။ ဆရာညွန့်ဝေ (က သာ)မှာ တဂိုးကဗျာများကို ဘာသာ ပြန်ခဲ့သည့်အပြင် စာတမ်းဖတ်ပွဲမှာ လည်း စိတ်ဝင်တစားဆွေးနွေးခဲ့ သည်။ ကျွန်တော်က ‘ပြန်ရေးပါ့မယ် ဆရာ’ဟု ကတိပေးပြီး တော်တော် နှင့် ပြန်မရေးဖြစ်ခဲ့ပါ။ ထိုစဉ်မှာပင် ဆရာညွန့်ဝေ (ကသာ)ကွယ်လွန်ရှာ သည်။ ကတိပေးခဲ့သည့်အတိုင်း တာ ဝန်မကျေသည့်အတွက် စိတ်မ ကောင်း ဖြစ်ရသည်။ ထို့ကြောင့် ဆရာညွန့်ဝေ (ကသာ)သို့ ကတိကြွေး ဆပ်ပါသည် ခေါင်းစဉ်ဖြင့် ဟော ပြောချက်ကို ပြန်ချုပ်သော ဆောင်း ပါးတစ်ပုဒ်ရေးခဲ့ပါသည်။
တဂိုးနှင့် ခေတ်စမ်းစာပေ လှုပ် ရှားမှု ကွင်းဆက်ဆောင်းပါးတွင်မူ ခေတ်စမ်းစာပေ ပေါ်ထွန်းလာ အောင် စေ့ဆောင်သော အကြောင်း အရာများတွင် တဂိုး၏ ကဗျာများကို ဆရာဇော်ဂျီအစရှိသော ခေတ်စမ်း စာဆိုများ လေ့လာဖတ်ရှုရာမှ စိတ်ဓာတ်နိုးကြွားခြင်းသည် အချက်တစ် ချက်အဖြစ် ပါဝင်ကြောင်း ဆရာဇော် ဂျီ၏ ဟောပြောချက်တစ်ခုကို ကိုး ကား၍ ရေးသားခဲ့ပါသည်။
သိပ္ပံမောင်ဝ မြန်မာစာဂုဏ်ထူး တန်း တက်စဉ်က ‘မြန်မာစာယူတာ ဘုန်းကြီးဝတ်မှာမို့လား’ဟု မိတ်ဆွေ များက သရော်ခဲ့ကြသည့်အကြောင်း ဖတ်ရဖူးသည်။ မြန်မာစာကို နေရာ မှန်ပြန်ရောက်အောင် ကိုလိုနီခေတ် တွင် ဆရာကြီးများ အောင်မြင်စွာ ကြိုးစားခဲ့ကြသော်လည်း ယနေ့ ခေတ်တွင် သိပ္ပံမောင်ဝခေတ်ကို တစ်ကျော့ပြန်မည့် အနေအထား များကို ကြားနေ တွေ့နေရသည်။ မြန်မာစာကောင်းကောင်း မရေး တတ်သည်ကိုပင် ဂုဏ်ယူစရာအဖြစ် ပြောဆိုနေကြသော ကျောင်းသား မိဘများကစ၍ မြန်မာစာ အမှားအ ယွင်း ပိုများလာသောအခြေအနေကို စိတ်ပျက်စရာ တွေ့လာသည့်အတွက် သိပ္ပံမောင်ဝခေတ်တစ်ကျော့မပြန် စေဖို့ ဟူသောခေါင်းစဉ်ဖြင့် စာတစ် ပုဒ်ရေးဖြစ်ပါသည်။
မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့က နှစ်စဉ်ထုတ်လာသော မေတ္တာစမ်းရေမဂ္ဂဇင်းအတွက် စာမူ တောင်းသောအခါ ‘အမေ’အကြောင်း ဆောင်းပါးများ ရေးခဲ့သည်။ မိခင် မေတ္တာ မိခင်ကျေးဇူး၊ တစ်လအမေ သုံးယောက် ဆောင်းပါးများဖြစ် သည်။
ကျွန်တော်က ကိုလိုနီခေတ် မြန်မာစာပေသမိုင်းခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ် ရေးသားပြီးနောက် လွတ်လပ်ရေးခေတ် မြန်မာစာပေ သမိုင်းကို ခြေရာခံသည့်ဆောင်းပါး များ၊ ကလျာမဂ္ဂဇင်းမှာ ဆက်ရေး ခဲ့သည်။ လွတ်လပ်ရေးခေတ် မြန် မာစာကို ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ တစ်ကန့်ကန့်၍ ဝတ္တုရှည်၊ ဝတ္တုတို၊ ကဗျာ၊ ပြဇာတ်၊ စကား ပြေအထွေထွေဟူ၍ အမျိုးအစား ခွဲပြီး နောက်ခံအကြောင်းများနှင့် ဆက်စပ်ကာ ခြေရာခံခဲ့ပါသည်။ နောက်ခံအကြောင်းများကို ဖော်ပြပြီး နောက် မိုးအောက်မြေပြင်ကစ၍ ဆောင်းပါးဖြင့် ဝတ္တုရှည်လမ်း ကြောင်းကို စတင်ရေးခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စာပေဗိမာန်တစ် ထောင်ဆုကို ပထမဆုံးချီးမြှင့်ခံရ သော ဆရာမင်းအောင်၏ ‘မိုးအောင် မြေ ပြင်’ကစ၍ ဝတ္တုရှည်၊ ဝတ္တုတို၏ ပေါ်ပေါက်လာပုံ၊ ထို့အတူ အမျိုး သားရေးကဗျာ၊ ကလေးကဗျာများ ပေါ်ပေါက်လာပုံ၊ ပြဇာတ်စာပေများ ပေါ်ပေါက်လာပုံ၊ စာပေရေးရာ စကားပြေ၊ အတ္ထုပတ္တိစကားပြေ၊ အက်ဆေးစကားပြေများ ပေါ်ပေါက် ပုံတို့ကို ခြေရာခံသည့် ဆောင်းပါး များ ရေးခဲ့ပါသည်။ ကျွန်တော်ရေးခဲ့ သော ကိုလိုနီခေတ် မြန်မာစာပေ သမိုင်းနှင့် ဆက်စပ်၍ လွတ်လပ်ရေး ခေတ်ဦးပိုင်း မြန်မာစာပေကို လေ့ လာနိုင်ပါသည်။
ပုဂံခေတ်မှ အင်းဝခေတ်အထိ ပေါ်ပေါက်ခဲ့သော မြန်မာစကားပြေ များကို ခြေရာခံသည့် မြန်မာစကား ခရီး ဆောင်းပါးများကိုလည်း ထည့် သွင်းထားပါသည်။ သတင်းစကား ပြေ၊ ကာရန်ပါသောစကားပြေမှသည် စကားပြောနှင့် စကားပြေ၊ သို့မဟုတ် အပြောဘာသာစကားနှင့် အရေး ဘာသာစကားဟူသော ခေါင်းစဉ်များ ဖြင့်လည်း စကားပြေအကြောင်း ဆောင်းပါးများ ရေးခဲ့ပါသည်။
‘အလှဆင်သူဂျာနယ်’က ဆောင်းပါးအတွက် ရေးခဲ့သော ဆောင်းပါးများလည်း ပါဝင်ပါသည်။ ကဗျာ၊ ဝတ္တုတို၊ ဝတ္တုရှည်များအ ကြောင်း၊ ပေါ့ပေါ့ပါးပါး မိတ်ဆက် သော ဆောင်းပါးများဖြစ်သည်။ ဆရာမင်းသုဝဏ်၏ ‘ပျဉ်းမငုတ်တို’ ကဗျာအကြောင်းကို ‘ကျိုးရာမှ ကောင်း၊ ပင်းရာမှကြား၊ ကန်းရာမှ မြင်’ ခေါင်းစဉ်ဖြင့် ပေးခဲ့သည်။ ‘မင်း ရဲကျော်စွာ’ကဗျာအကြောင်းကို ‘မင်းရဲကျော်စွာ စေတီသာကို’ ခေါင်း စဉ်ဖြင့် ပေးခဲ့သည်။ ဆရာမောင်ထင် ၏ အာဝဇ္ဇန်းကို ‘ချီးမွမ်းခြေကျော် အာဝဇ္ဇန်း’ခေါင်းစဉ်ဖြင့် ရေးခဲ့သည်။ ဆရာသာဓု၏ စာများအကြောင်း ‘ဆရာမင်းရှင်၏ ဝတ္တုကို နှစ်ပုဒ်’ စသည့် ဆောင်းပါးများလည်း ပါဝင် သည်။
ဤစာအုပ်ပါ ဆောင်းပါးများ နှင့် ဆက်စပ်သော အမှတ်ထင်ထင် ဖြစ်ရသည့် အကြောင်းများကို သတိ ရနေမိပါသည်။
မောင်ခင်မင် (ဓနုဖြူ)