မန္တလေးတိုင်း၊ ညောင်ဦးမြိူ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကီလိုမီတာ(၁၀၀)ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ထံက သိရသည်။
ခရီးရှည် မြင်းစီးပြိုင်ပွဲအား(၁၃)နာရီကြာ စီးနင်းယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး မိုးမြင်းစီးအသင်းကိုယ်စားပြု အားကစားသမား သန်းနိုင်အောင်က မြင်းအမည် Tonto အားစီးနင်း၍ ပထမ၊ မိုးမြင်းစီးအသင်း ကိုယ်စားပြုအားကစားသမားဇော်မြင့်က မြင်းအမည် စိန်ဇတ်ကြားအား စီးနင်း၍ ဒုတိယ၊ မိုးမြင်းစီးအသင်း ကိုယ်စားပြု အားကစားသမား ဆက်ပိုင်ဖြိုးက မြင်းအမည် ဇကြမ်းသားအားစီးနင်း၍ တတိယ၊ YE CC ကိုယ်စားပြုအားကစားသမား နန်းကိုဝင်းက မြင်းအမည် ထွန်းတောက်အားစီးနင်း၍ စတုတ္ထ၊ A (၃)လုံး မြင်းစီးအသင်းကိုယ်စားပြု အားကစားသမား ဖြိုးကျော်မြင့်သန်းက မြင်းအမည် ရွှေကျားလေးအားစီးနင်း၍ ပဉ္စမဆုများ အသီးသီးဆွတ်ခူးခဲ့ကြကြောင်း သိရသည်။
အလားတူ ကီလိုမီတာ(၆၀) အရည် အချင်းစစ်ပြိုင်ပွဲ၌ ပါဝင်ခဲ့သော ထီလာမြင်းစီးအသင်း ကိုယ်စားပြုအားကစားသမား အောင်မြတ်ထွန်းက မြင်းအမည် ရွှေဘားမားအားစီးနင်း၍ အရည်အချင်းပြည့်မီကာအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြပြီး ဆုရ မြင်းစီးအားကစားသမားအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်ကအသိ အမှတ်ပြုလက်မှတ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့သည်။
ခရီးရှည်မြင်းစီးအားကစား Endurance (100km) အရည် အချင်းစစ်ပြိုင်ပွဲတွင်အောင်မြင်ခဲ့ကြသောအားကစားသမားများနှင့်မြင်းများအတွက် One Star အဆင့် အသိအမှတ်ပြုနိုင်ရန် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်(FEI)နှင့်ဆက်သွယ်ထားပြီး ယခုပွဲမှအစပြု၍ နိုင်ငံတကာပွဲများအထိ စတင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပြီဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ကပြောကြားသည်။
၂၀၂၆ခုနှစ်တွင် ဒူဘိုင်း၌ ကျင်းပမည့် ၁၆၀ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လျာထားသည့်အ တွက်အားကစားသမားများအနေဖြင့် စဉ်ဆက်မပြတ်ကြိုး စားနေကြရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အနေနှင့်လည်း ယခုလို ခရီးရှည်ပြိုင်ပွဲများကို ၂၀၂၅ ခုနှစ်အတွင်း (၃)ပွဲမှ (၄)ပွဲအထိ ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း ပြောကြားသည်။
ထို့ပြင် ယခုကျင်းပခဲ့သည့်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ကြသောအားကစားသမားများအနေဖြင့်လည်း ၂၀၂၅ခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်၍ ကြိုးစားကြရန် အခွင့်အလမ်းများရှိနေသေးကြောင်းဖြည့် စွက်ပြောကြားသည်။