ခရီးသွားရာသီတွင် လမ်းများကောင်းမွန်ရေး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်မြှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် နိုဝင်ဘာ (၁၉) ရက်က ကျင်းပရာတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မှ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်-ပုသိမ် လမ်းပိုင်းအား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို အဓိကထားမှာကြားခဲ့ပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းစီမံချက်များနှင့် လမ်းအသုံးပြုရန် အချိန်မီပြီးစီးရေးဆောင်ရွက်သွားမည့် အစီအမံများ၊ လမ်းအထူးအဖွဲ(၂၁)၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင် လမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် လမ်းအထူးအဖွဲ့ (၂၀) ရေကြည်တို့မှ ရန်ကုန်-ပုသိမ်လမ်းပိုင်းဆိုင်ရာ လမ်းပျက်စီးမှုများအား ပြင်ဆင်ထိန်းသိမ်းမည့်အစီအစဉ်၊ ပြီးစီးမှုအခြေနေများနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လမ်းပန်းရေးရာဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လမ်းပိုင်းအလိုက် အဆင့်မြင့်ကောင်းမွန်စေရေး လိုအပ်ချက်များကို အချိန်မီပြုစုတင်ပြဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။