မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် အနုပညာလောကမှာလည်း အနုပညာတွေကို ဖန်တီးရတဲ့ အခါမှာ လိုအပ်ချက်တွေများစွာရှိနေသလို အခက်အခဲတချို့ကြားကပဲ အနုပညာသမားတွေက ရပ်တည်နေရတာဖြစ်ပါတယ်။ ဥပမာ-ခိုးကူးပြဿနာတွေကိုလည်း ရင်ဆိုင်နေရဆဲပါပဲ။ ခိုးကူးပြဿနာတွေကို နိုင်ငံတော်ဘက်ကနေလည်း တစ်ခုခုလုပ်ပေးသင့်တယ်လို့ဆိုတဲ့ ဇဏ်ခီက …
”မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံထဲမှာလည်းပါတယ်။ Infrastructure ပိုင်းတွေမှာ တအားအားနည်းတဲ့အတွက် ရိုက်ကူးရေးသမားတွေအတွက် တအားဒုက္ခရောက်တယ်။ နောက်တစ်ခုက ခိုးကူး။ ခိုးကူးကလည်း တကယ်တမ်း နိုင်ငံတော်ကတစ်ခုခုလုပ်သင့်ပြီ။ ဒါပေမဲ့ ဘယ်သူမှမလုပ်သေးဘူး။ အနုပညာလုပ်ငန်းမှာ နှောင့်နှေးမှုတွေဖြစ်တာပေါ့။ ရှယ်ယာတွေထည့်ပြီး ဘတ်ဂျက်တွေ တစ်ဆင့်ထက် တစ်ဆင့်ပိုကြီးလာရမှာ မကြီးဘဲနဲ့ ဘတ်ဂျက်တွေချုံ့ချုံ့သွားတယ်။ ဘတ်ဂျက်တွေချုံ့လာတာနဲ့အမျှ Production Level ကလည်း သေးသေးလာတယ်။ ကျွန်တော်တို့ဇာတ်ကားတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်း တော်တော်ကြီးပြတ်ကျန်ခဲ့တယ်။ တကယ်တမ်းတော့ ခိုးကူးကိစ္စတွေက နိုင်ငံတော်က ပြင်းပြင်းထန်ထန် တစ်ခုခုလုပ်ပေးသင့်တယ်။ အနုပညာသမားတွေကို ကာကွယ်ပေးသင့်တယ်။ ဥပဒေတွေကို သေချာလုပ်သင့်တယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ အနုပညာကျောင်းတွေ လုံးဝမရှိဘူး။ တကယ်ကို တတ်သိနားလည်တဲ့ အနုပညာကျောင်းတွေပေါ့။ ပြည်တွင်းကျောင်းတွေတော့ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့တကယ်တမ်းဖြစ်သင့်တာက ပြည်ပကနေပြီး ကျောင်းတွေရောက်လာသင့်တယ်။ အနုပညာသမားတွေ သရုပ်ဆောင်တွေအတွက် ဂီတသမားတွေအတွက် ရုပ်ရှင်သမားတွေအတွက် ကျောင်းတွေ ရှိသင့်ပါတယ်။ ဒါပေမဲ့ လုံးဝမရှိဘူး။ အဲဒါတွေလိုအပ်နေပါတယ်”လို့ ပြောပါတယ်။ ဇဏ်ခီက အခုလောလောဆယ်မှာ သူ့ရဲ့တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Now and Ever အတွက်ပြင်ဆင်နေပါတယ်။ ”ပထမ ၂ ကားက အောင်မြင်ထားတော့ ၃ ကားမြောက်မှာ စိန်ခေါ်မှုလေးတွေတော့ ရှိတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း ပိုကောင်းချင်တယ်။ ပရိသတ်ကလည်း ပိုကောင်းစေချင်မယ်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့လည်း ကောင်းအောင်ကြိုးစားမယ်။ ကာရိုက်တာပိုင်းကိုလည်း ကျွန်တော်ဇာတ်ညွှန်း ရေးကတည်းက နက်နက်ရှိုင်းရှိုင်းနဲ့ တကယ့်ကို မတွေးထားတဲ့ မမြင်ဖူးထားတဲ့ ကာရိုက်တာမျိုး၊ ဇာတ်လမ်းဆိုလည်း မတွေးဖူးထားတဲ့ပုံစံမျိုး သေချာရေးထားတယ်။ ကျွန်တော်တို့ ပြောထားသလိုပဲ Now and Ever က ရိုမန့် ဒါပေမဲ့ ရုတ်တရက်ကြည့် လိုက်ရင် ရိုမန့်လို့မထင်ရတဲ့ ရိုမန့်ပေါ့။ လှလှပပဖြစ်မနေဘူး။ ရှုပ်ထွေးတယ်။ စိတ်ဝင်စားဖို့တော်တော်ကောင်းပါလိမ့်မယ်”လို့ ဇဏ်ခီက ပြောပါတယ်။
ခိုင်ဝေလွင်