တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေးဆောင်ရွက်ရန်၊ Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။
တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။
“ယခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်ကိုရောက်ရှိနေတာဖြစ်လို့ တိုးတက်ပြောင်းလဲနေတဲ့ခေတ်နဲ့အညီ လိုက်ပါဆောင်ရွက်နိုင်အောင် အမြဲတမ်းလေ့လာ ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်း တစ်ခု ပင်ဖြစ်သည့်အတွက် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် ရုပ်သံထုတ်လွှင့်မှုများပြုလုပ်ရာ၌ အသိပညာဗဟုသုတများအပြင် ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး ပညာပေးအစီအစဉ်များကိုလည်း လူအများနားလည်အောင်ရိုက်ကူး ထုတ်လွှင့်ပေးရမည်ဟု မှာကြားသည်။
အလားတူ ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများကို အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး အသိအမြင်ကောင်းများ၊ အများပြည်သူသိရှိရန်လိုအပ်သည်များကို ထုတ်လွှင့်ပေးခြင်းဖြင့် နိုင်ငံ့အကျိုးပြုတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည် ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်။