ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ (၁၅) ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပရာ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမိသားစုမှ က ထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကျောင်းနေ သံဃာတော်များကို ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပွဲတော်သို့ လာရောက်သည့် မြန်မာနိုင်ငံသားများအား စတုဒိသာ ကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ (၁၄)ရက်ကလည်း ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn ၏ ဖိတ်ကြားချက်အရ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းမှ ချင်းမိုင်မြူနီစီပယ်ရုံးက ကြီးမှူး ကျင်းပသည့် Duean Yi Peng Chiang Mai 2024 Lantern Festival ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲသို့ ချင်းမိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် ချင်းမိုင်ပြည်နယ် အစိုးရရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆက်လက် ကျင်းပပြုလုပ်သည့် တေးဂီတရေပန်းပွဲတော်နှင့် မီးရှုး မီးပန်း ပစ်လွှတ်ပြသပွဲများသို့ ကောင်စစ်ဝန်ချုပ်က အခြားဧည့်သည်တော်များနှင့်အတူ တက်ရောက်အားပေးခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။