ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောသည်။
စနစ် ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း ကုမ္ပဏီက ပြောဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ကိုးခုထက်မနည်း နှောင့်နှေးမှုဖြစ်ခဲ့သည်ဟု All Nippon Airways(ANA) ပြီးလျှင် ဂျပန်၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်သော JAL က ပြောဆိုခဲ့သည်။
ပြဿနာရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖြေရှင်းခဲ့ပြီဖြစ်ပြီး စနစ်ကို ပြန်လည်ရယူရေး အခြေအနေကို စစ်ဆေးနေသည်ဟု JAL က X ပို့စ်တွင် ပြောဆိုခဲ့သည်။ ယနေ့တွင်ထွက်ခွာမည့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ရပ်ဆိုင်းထားပြီး အဆင်မပြေမှုများအတွက် တောင်းပန်အပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ANA လေကြောင်းလိုင်းတွင်မူ ၎င်း၏ စနစ်ကို တိုက်ခိုက်သည့် လက္ခဏာရပ်များ မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်