ဧရာဝတီတိုင်း၊ ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းလမ်းရှိ ရှေးဟောင်းမဟာရာဇမုနိအောင်တော်မူစေတီတော်မြတ်အား ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃာဗဟိုဝန်ဆောင် မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယဘဒ္ဒန္တကုမာရအမှူးပြုသည့်ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူကာ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျယ်တော်မူပြီး တိုင်းဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။
ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
