အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်တွင် အသက်ရှင်လွတ်မြောက်ဖွယ်ရှိသူများကို ကယ်ဆယ်ရေးသမားများက အပူတပြင်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေပြီး စနေနေ့တွင် နိုင်ငံတကာ အကူအညီများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေပြီဖြစ်ကာ ငလျင်ဘေးကြောင့် သေဆုံးသူ များစွာ မြင့်တက်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးရသူ ၁,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ရန်အတွက် စနေနေ့တွင် ပြည်ပနိုင်ငံများမှ အကူအညီပေးရေးအဖွဲ့များ မြန်မာသို့ စတင် ရောက်ရှိနေခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၁,၀၀ရ ဦး ရှိခဲ့ပြီဟု အစိုးရက စနေနေ့တွင် ပြောကြားခဲ့ပြီး သောကြာနေ့၌ သတင်းထုတ်ပြန်ထားသော သေဆုံးဦးရေ ၁၄၄ ဦးထက် များစွာကျော်လွန်သွားခဲ့သည်။
တရုတ် အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့သည် စနေနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
ထို့အပြင် ရုရှား၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် အမှုထမ်းများ ပါဝင်သည့် လေယာဉ်များ စေလွှတ်လျက်ရှိသည်။
“ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်စောင့်ကြည့်သွားပြီး နောက်ထပ် အကူအညီတွေ ပေးသွားမှာပါ” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့ခ်မန်ယမ် ဂျေးရှန်ကာက ပြောဆိုခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများမှတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၂ သန်းကို ကနဦး ပေးအပ်သွားမည်ဟု တောင်ကိုရီးယားအစိုးရက ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုကလည်း အကူအညီအချို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။
သောကြာနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်သည် မန္တလေးမြို့ဝန်းကျင် အလယ်ပိုင်းလွင်ပြင်ဒေသများမှသည် ရှမ်းပြည်နယ် တောင်တန်းဒေသများအထိ မြန်မာနိုင်ငံအနှံ့အပြားကို ထိခိုက်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်