အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် UNICEF Myanmar တို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများနှင့် ဆေးဝါးများ ယနေ့ ဧပြီ ၃ ရက်ကထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယနေ့ညနေပိုင်းတွင် WHO မှပေးပို့လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါး(၁၄၈)ထုပ်သည် Moalem Aviation လေကြောင်းလိုင်း၏ Cargo Flight (ကယ်ဆယ်ရေးပစ္စည်းတင်)လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ ကိုးက္ကတားလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲပိုင်းကလည်း တရုတ်နိုင်ငံအစိုးရနှင့်တရုတ်ပြည်သူများက ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက်ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်မိုးကာတဲနှင့် သောက်ရေသန့်ဗူး စုစုပေါင်း(၆၆၈၀)ထုပ်သည် Air China လေကြောင်းလိုင်းမှလေယာဉ်ဖြင့် ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့အတူ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအစိုးရက ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့်လှူဒါန်းမည့် ဟောင်ကောင်ဒေါ်လာ(၂ ဒသမ ၁)သန်းကျော်တန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ ဆေးဝါးများ၊ အသင့်စား အစားအစာများနှင့် ရွက်ဖျင်တဲများတင်ဆောင်လာသော ဟောင်ကောင်လေကြောင်းလိုင်းမှ Cathay Pacific Cargo Flight သည် ဟောင်ကောင်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် UNICEF Myanmar မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက်ဖြန့်ဝေမည့် ကယ်ဆယ်ရေးသုံးပစ္စည်းများဖြစ်သော ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ(၄၈၄)ပုံးအားတင်ဆောင်လာသည့် Rom Cargo Airline မှ လေယာဉ်သည် UAE နိုင်ငံ၊ ဒူဘိုင်းမြို့၊ AI MAKTOWN လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက်ပိုင်းကရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံမှပေးပို့လှူဒါန်းသည့် မိုးကာ တဲ၊ စောင်၊ တာပေါ်လင်၊ water tank၊ ဆေးဝါးများ၊ (MRE)အသင့်စားအစားအစာများအားတင်ဆောင်လာသော My freighter LLC လေ ကြောင်းလိုင်းမှလေယာဉ်သည် ဧပြီ ၂ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား မြန်မာနိုင်ငံမှတာဝန်ရှိသူများကကြိုဆိုလက်ခံရယူခဲ့ကြပြီးနောက် ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက်ပေးပို့နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။