ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယမန်နေ့ မတ် လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ (၅၀၀)ခန့် ပျက်စီး ဆုံးရှုံးကြောင်းနှင့် ဒေသခံပြည်သူ (၄၀) ဦးကျော်အသက်ဆုံးရှူံးမှုရှိနေသည်ဟု မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။
အဆိုပါ ပျက်စီး/အသက်ဆုံးရှုံးမှုများသည် ယမန်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရရှိထားသည့် အရေအတွက်ဖြစ်ပြီး၊ နန့်ပန်ကျေးရွာတစ်ရွာတည်း၌ပင် (၄၁)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း နှင့် ယနေ့ထပ်မံကယ်ဆယ်ရရှိသည့် စာရင်အရေအတွက်ကိုမူ ပြုစုနေသေးကြောင်း ၎င်းကပြောသည်။
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်းရှိ ကလောကျေးရွာအပါအဝင် ဇရပ်ကြီး၊ ရှေ့ဝကြီး၊ နန်းပန်ပေါက်ပါး၊ နန်းပန်ကြာတောကျေးရွာများ၌ အများဆုံးပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” အင်းလေးဒေသက ငလျင်ဒဏ်ခံရတဲ့ကျေးရွာတွေထဲက အိမ်ခြေ(၇၀၀)မှာ (၅၀၀)ပြိုကျပျက်စီးသွားပါတယ်။ အသေအပျောက်လည်းရှိနေတယ်။ လောလောဆယ် နန့်ပန်ဆေးရုံစာရင်းအရ (၄၁)ဦးပေါ့နော်။ ကျန်တာတွေတော့ ဆက်ကယ်ဆယ်နေပြီး စာရင်းပြုစုနေတုန်းပါ”ဟု ပြောသည်။
ယနေ့ မတ်လ(၂၉)ရက်နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငလျင်ဒဏ်ခံရသည့်ကျေးရွာများသို့ ကမ္ဘောဇဘဏ်နာယကကြီး ဦးအောင်ကိုဝင်း ဦးဆောင်သော ကမ္ဘောဇဘဏ်အဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှူံခဲ့ရသည့်ဒေသခံများနီးစပ်ရာကျေးရွာများ၌ ခိုလှုံနေကြရပြီး၊ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချက်စတာစကေး (၇ဒဿမ ၇) အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အပါအဝင် ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ အောင်ပန်းမြို့နှင့်တောင်ကြီးမြို့တို့တွင် လူထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။